ဝန်ကြီးများရုံးကို ငှားကြမလား

  • 17 အောက်တိုဘာ 2011
Image caption တရားရုံးချုပ်၊ အတွင်းဝန်ရုံးတို့လို သမိုင်းဝင် အဆောက်အအုံတွေကို ရောင်းတာ ငှားတာ မလုပ်သင့်ဘူးလို့ ယူဆသူတွေရှိ

မြန်မာနိုင်ငံကို ကမ္ဘာလှည့် ခရီးသည်တွေ အလာများတော့မှာမို့ ရန်ကုန်မြို့မှာ ကိုလိုနီခေတ်ကတည်းက ရှိနေခဲ့တဲ့ အဆောက်အဦးတွေ အပါအဝင် ရှေးဟောင်း အဆောက်အအုံနဲ့ ရုံးတွေကို ဟော်တယ်တွေ အဖြစ် ငှားရမ်းဖို့ မြန်မာ့ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ ကနေတဆင့် စီစဉ်နေတယ်လို့ ကြားသိရပါတယ်။

အစိုးရက ဟော်တော်အဖြစ် ငှားရမ်းဖို့ စီစဉ်နေတဲ့ ရန်ကုန်မြို့က ဌာနဆိုင်ရာ အဆောက်အအုံ တော်တော်များထဲမှာ သမိုင်းဝင် အရင် အတွင်းဝန်ရုံး ခေါ် ဝန်ကြီများရုံး လည်း ပါဝင်တယ်လို့ မြန်မာ့ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ ဥက္ကဌ ဦးခင်ရွှေက ဘီဘီစီကို ပြောပါတယ်။

ဒီလို ငှားရမ်းဖို့ စီစဉ်နေတဲ့ အကြောင်းရင်းက နောက်နှစ်မှာ ကမ္ဘာလှည့်ခရီးသည် တသန်းလောက် လာရောက်နိုင်တဲ့ အတွက် လက်ရှိရှိနေတဲ့ ဟော်တယ်တွေနဲ့ လုံလောက်မှာ မဟုတ်တဲ့ အပြင် အသစ်ဆောက်လုပ်ဖို့လဲ အချိန်မမှီနိုင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးများရုံးလို ရှေးဟောင်း အဆောက်အအုံတွေကို အပြင်ဘက် ရှေးဟောင်းလက်ရာမပျက်အောင် ပြင်ဆင်ခွင့်မပြုဘဲ အတွင်းဘက်ကိုသာ ဟော်တယ်အဖြစ် ပြင်ဆင် ငှားရမ်းမယ်လို့ ဆိုပါတယ်။

ငှားရမ်းလိုသူတွေအနေနဲ့ မြန်မာ့ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ကို ဆက်သွယ်ပြီး သူတို့ကတဆင့် အစိုးရကို ဆက်လက်တင်ပြပေးမှာ ဖြစ်တယ်လို့ မြန်မာ့ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ဥက္ကဌ ဦးခင်ရွှေ ကပြောပါတယ်။

တချို့ အဆောက်အအုံတွေကို ရောင်းချမယ်လို့လဲ သိရပါတယ်။

အတွင်းဝန်ရုံးဟာကိုလိုနီနယ်ချဲ့ ခေတ်က အင်္ဂလိပ်အစိုးရ ရုံးစိုက်ရာ၊ လွတ်လပ်ရေးရပြီး မြန်မာအစိုးရ ရုံးစိုက်ရာနေရာ ဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့နေရာဖြစ်လို့ မြန်မာသမိုင်းမှာ အလွန် အရေးပါတဲ့ အဆောက်အအုံကြီး ဖြစ်လို့ ငှားရမ်းရောင်းချတာမျိုး လုံးဝ မလုပ်သင့်ဘူးလို့ ဝါရင့် သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ သမိုင်းပြတိုက် ကောင်းကောင်းမရှိတာကြောင့် အတွင်းဝန်ရုံးကို နိုင်ငံတော် ပြတိုက်ကြီး လုပ်ပြီး ထိန်းသိမ်းသင့်တယ်လို့ သူက ဆိုပါတယ်။

အတွင်းဝန်ရုံးအပြင် တရားရုံးချုပ် စတဲ့ ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံတွေကိုလည်း ငှားရမ်းရောင်းချတာတွေ မလုပ်သင့်ဘူးလို့ ဆိုပါတယ်။