စစ်သား ရှာလစ် အစ္စရေး ပြန်ရောက်

  • 18 အောက်တိုဘာ 2011
Gilad ဓာတ်ပုံ မူပိုင် IDF
Image caption ဂေးလတ် ရှာလစ်

အစ္စရေး တပ်ကြပ် ဂေးလက် ကို ပါလက်စတိုင်း ဘက်က လွှတ်ပေးပြီး အစ္စရေး ဘက် ကဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဉ်းသား တွေ ထဲ က အကျဉ်းသား ၁၀၀၀ လောက် ကို လွှတ်ပေးဖို့ ၂ ဖက် သဘောတူချက် အစီအစဉ် အရ စတင် လွှတ်ပေးခဲ့ လိုက်ပါတယ်။

၂ ဘက် ဒီလို သဘောတူညီချက် ရဖို့ စစ်ပွဲတွေ အပါအဝင် ဖြစ်ရပ် အများအပြား ကျော်လွှားခဲ့ရပါတယ်။

နယ်စပ်မှာ တာဝန်ကျနေတဲ့ ကင်းစခန်းတခု ကို ပါလက်စတိုင်း ဟားမက်စ ဘက် က လူတွေက မြေအောက် ဥမင် ဖောက်ပြီး တိုက်ခိုက် မှု တွေ လုပ် ခဲ့တယ်။ နောက် အဲဒီ စခန်း က အစ္စရေး တပ်ကြပ် ဂေးလက် ကို ပါလက်စတိုင်း တွေက ဖမ်းဆီး လာနိုင်ခဲ့ ပါတယ်။

အဲဒါက လွန်ခဲ့တဲ့ ၅ နှစ်ဖြစ်တဲ့ ၂၀၀၆ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ က ပါ။ ဖမ်းဆီး လာ ပြီးပြီးချင်း နောက်နေ့ မှာ ပဲ ဟားမက်စ် ဘက် က အစ္စရေး ထောင်ထဲမှာ ရှိနေတဲ့ သူတို့ အကျဉ်းသား ၁၅၀၀ ကျော် ကို လွှတ်ပေး ဖို့တောင်းဆိုတယ်။ အစ္စရေး ဘက် ကလက်ခံရင် ဖမ်းခဲ့တဲ့ အဲဒီတုန်းက ၁၉ နှစ် အရွယ် ဂေးလက် ရှာလစ်ကို ပြန်လွှတ်မှာပါ။

ဒါပေမယ့် အစ္စရေး က လက်မခံ ပါဘူး။ ရက်ပိုင်းအတွင်းမှာ ပဲ အနောက်ဖက်ကမ်းမှာ ရှိနေတဲ့ ဟားမတ်စ ပါလီမန် အမတ် တွေ ကို ဖမ်း သလို ဂါဇာ ကိုလည်း လေကြောင်း က တိုက်တာ ကော မြေပြင်တပ် က ဝင်တာရော ပါ စ ခဲ့ ကြပါတယ်။ အဲဒီ စစ်ပွဲ အတွင်း ပါလက်စတိုင်း အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့ရသလို အစ္စရေး စစ်သား တဦး သေဆုံးခဲ့ပါတယ်။

ဒါပေမယ့် ဒီလိုစစ် ပွဲတွေ ပြန်လည် ဖမ်းဆီး တဲ့ ပွဲတွေ က ဂေးလက် ရှာလစ် လွတ်မြောက်လာမှု ကို ဖြစ်မလာ ခဲ့ပါဘူး။

၂ ဘက် အကျဉ်းသား လဲလှယ်ရေး ကိစ္စ ကို အစ္စရေး ဘက် က အစပိုင်းမှာ တော့ လုံးဝ လက်မခံ ပဲငြင်းဆန် ခဲ့ပေမယ့် အီဂျစ်နိုင်ငံ ဘက်က ကြားဝင်ဆောင်ရွက်ပေးတာ ကို လက်ခံလာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ပိုင်းလောက်မှာ တော့ ဂျာမဏီ က လည်း စေ့စပ်ညှိနှိုင်း ပေးရေး မှာ ပါဝင်ခဲ့ ပါတယ်။

အစ္စရေး မှာ မိဘ အတော်များများ က သူတို့ သားသမီးတွေ ကို စစ်ထဲမှာ တာဝန်ပေးဖို့ ကျေနပ်စေလွှတ် ကြသလို အခုလို ဂေးလက် ရှာလစ် တယောက် ပါလက်စတိုင်း အကျဉ်းစခန်းမှာ ရှိနေတယ် ဆိုတဲ့ အချက် က နိုင်ငံ က မိသားစု အသီးသီး ကို ထိခိုက်မှုတွေ ဖြစ်ပါတယ်။ ဒီလို ဖိအား က အစ္စရေး အစိုးရ အပေါ်ရှိသလို စစ်သား ရှာလစ် မိသားစုဝင်တွေ ကိုယ်တိုင် က သူလွတ်မြောက်ရေး လှုပ်ရှားမှု တွေ က လည်း အစိုးရ အပေါ်ဖိအား တွေ ဖြစ်စေခဲ့ပါတယ်။

တဖက်မှာ လည်း အစ္စရေး တွေ ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း တွေ ဆိုတာ ကလည်း သူတို့ ကို သတ်ဖြတ်ဖို့ တိုက်ခိုက်ခဲ့သူတွေ လို့ အစ္စရေး မှာ လက်ခံထားတာ တွေ ရှိ ပါတယ်။

ပါလက်စတိုင်း ဖက်က လည်း သူတို့ ဘက်က အဖမ်းခံထားရ သူတွေ ကို သူတို့ လွတ်မြောက်ရေး တိုက်ပွဲ အတွက် စွန့်လွှတ် တိုက်ပွဲဝင်ခဲ့ သူတွေ အဖြစ် အလေး အမြတ် ထား ကြတဲ့ အတွက် ဒီ အကျဉ်းသား တွေ မြောက်ရေး ဟာ အရေး ကြီးပါတယ်။

အခု အစ္စရေး စစ်သား ရှာလစ် သူ့တိုင်းပြည် ပြန်ရောက်ပြီ ဖြစ်သလို ပါလက်စတိုင်း အကျဉ်းသား ၅၀၀ နီးပါး လွတ်မြောက် လာပါပြီ။ လာမယ့် ၂ လ အတွင်းမှာ တော့ အခု သဘောတူညီချက် အရ နောက်ထပ် ပါလက်စတိုင်း အကျဉ်းသား အယောက် ၅၅၀ ကို အစ္စရေး ဘက် က လွှတ်ပေးမယ့် အကြောင်း သိရပါတယ်။