ဘန်ကောက်မြို့ ရေကြီးမှု စိုးရိမ်နေရဆဲ

  • 19 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption လောလောဆယ် ရေဘေးဒုက္ခသည်တွေကို အကူ အညီ ပေးနေပါတယ်

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်က မြို့နယ် ၇ ခု မှာ နေထိုင်ကြသူတွေအနေနဲ့ သူတို့ရဲ့ ပစ္စည်းပစ္စယတွေကို ယူဆောင်ပြီး မြင့်တဲ့ နေရာတွေကို ပြောင်းရွှေ့ ကြဖို့ အာဏာပိုင် တွေက သတိပေး နှိုးဆော်ထားပါတယ်။

နှစ်ပေါင်း ၅၀ အတွင်း အဆိုးဝါးဆိုး ကြုံတွေ့နေ ရတဲ့ ရေကြီးမှုကို ဘန်ကောက်မြို့အတွင်း ကာကွယ်နိုင်ဖို့အတွက် အာဏာပိုင်တွေဟာ ဆက်လက်ပြီး ကြိုးစား ဆောင်ရွက်နေကြရ ပါတယ်။

စစ်သားတွေနဲ့ ဘန်ကောက်မြို့ မြေနိမ့်ပိုင်းမှာ နေထိုင်ကြတဲ့သူတွေဟာ ရေမဝင်နိုင်အောင် အကာအရံတွေကို ရက်ပေါင်း အတော်ကြာ လုပ်ဆောင် နေကြပြီး၊ ဘန်ကောက်မြို့ တဝိုက် ကနေ ပင်လယ်ထဲကို ရေလမ်းကြောင်းပြောင်း သွားနိုင်ဖို့ အတွက် မျှော်လင့် နေကြပါတယ်။

ဘန်ကောက်မြို့မြောက်ဘက်က ဆင်းလာတဲ့ရေတွေကို ဘန်ကောက်မြို့ကို ပေးမဖြတ်ဘဲ အရှေ့ဘက်နဲ့ အနောက်ဘက် တူးမြောင်းတွေကနေ ပင်လယ်ထဲ ဆင်းအောင် လုပ်ဖို့ အစိုးရက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ရေတွေဟာ ဘန်ကောက်မြို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ကို ကွေ့သွားမယ်ဆိုရင် အဲဒီ ဒေသမှာ ဧကသိန်းနဲ့ချီပြီး ရေမြုပ်မှာ ဖြစ်သလို လူနေအိမ် အမြောက်အများကိုလည်း ရေးလွှမ်းသွားမယ့် အခြေအနေ ရှိနေပါတယ်။

ဒါပေမယ်လို့ မြောက်ဘက်ပိုင်းက စီးဝင်လာတဲ့ ရေတွေဟာ ထုထည်ကြီးမားတာကြောင့် တချို့ အကာအရံတွေဟာ ကျိုးပေါက်ကုန်ပါတယ်။

အခုလောလောဆယ်မှာတော့ ရေဘေးဒုက္ခသည်တွေကို အကူအညီ ပေးနေတာမျိုးကလွဲပြီး ရေကြီးမှုကို ဖြေရှင်းနိုင်ဖို့က မသေမချာဖြစ်နေပါတယ်။

မြန်မာအလုပ်သမား ၃ဝဝ လောက်လည်း ရေဘေးဒုက္ခရောက်နေပြီး စားစရာမရှိတဲ့အတွက် ထိုင်းစစ်တပ်နဲ့ ရုပ်မြင်သံကြားတခုက အခုအညီနဲ့ ရေနဲ့ စားစရာတချို့ကို ဗုဒ္ဓဟူးနေ့က သွားရောက် ပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံရေကြီးမှုကြောင့် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်ပါတယ်။