ဂရိနိုင်ငံမှာ ၄၈ နာရီသပိတ် စတင်

  • 19 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ဆန္ဒပြသူတွေကလည်း မီးလောင်ဗုံးတွေ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်

ဂရိနိုင်ငံ အေသင်မြို့မှာ အစိုးရရဲ့ ခြိုးခြံချွေတာရေး အစီစဉ်ကို ဆန့်ကျင်တဲ့ ကြီးမားတဲ့ ဆန္ဒပြမှု တခုအတွင်း ရဲတပ်ဖွဲ့ ကနေ ဆန္ဒပြ သူတွေကို မျက်ရည်ယိုဗုံးတွေ မေ့ဆေးဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

လူပေါင်း သောင်းနဲ့ချီပါဝင်တဲ့ အခုဆန္ဒပြပွဲဟာ ဂရိနိုင်ငံက အကြီးမားဆုံးသော ဆန္ဒပြပွဲတခု အဖြစ် တွေ့မြင်ရပြီး၊ ဆန္ဒပြသူတွေကလည်း မီးလောင်ဗုံးတွေ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

၄၈ နာရီကြာ ဆင်နွှဲမယ့် သပိတ်အစအနေနဲ့ အခုလို ဆန္ဒပြပွဲ ပြုလုပ်ခဲ့ တာဖြစ်ပြီး၊ သပိတ်ဆင်နွှဲမှုကြောင့် နိုင်ငံတလွှားမှာ လုပ်ငန်းအများစု ရပ်ဆိုင်းနေရပါတယ်။

နိုင်ငံမှာ တင်ရှိနေတဲ့ ကြွေးမြီပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် အခွန်တိုးကောက်ဖို့နဲ့ လူထုအသုံးစရိတ်တွေ လျော့ချရေးအပါအဝင် ခြိုးခြံချွေတာရေးလုပ်ဖို့ အစိုးရကနေ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို အသုံးစရိတ်ချွေတာမှသာ ကြွေးမြီဖြေရှင်းရေးအတွက် အကူအညီရရှိမှာ ဖြစ်ပါတယ်။

ဒါပေမယ်လို့ ဒါဟာ ဂရိနိုင်ငံကို အကြွေး သံသရာထဲ ရောက်ရှိသွားစေလိမ့်မယ်လို့ အလုပ် သမားသမဂ္ဂတွေက ပြောပါတယ်။