တူရကီ စစ်စခန်းတွေကို ကာ့ဒ်သူပုန် တိုက်ခိုက်

  • 19 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption တူရကီစစ်တပ်က ကာ့ဒ်သူပုန်တွေကို အီရတ် နိုင်ငံထဲအထိ လိုက်လံ တိုက်ခိုက်နေပါတယ်

တူရကီနိုင်ငံ စစ်စခန်းတွေကို ကာ့ဒ်သူပုန် တွေက ညလုံးပေါက် ဝင်ရောက် တိုက်ခိုက် ခဲ့ရာ အနည်းဆုံး တူရကီစစ်သား ၂၆ ဦး သေဆုံးသွားပြီး တခြားလူ အတော် များများ ဒဏ်ရာရရှိသွားခဲ့ပါတယ်။

အဲဒီအတွက် တူရကီတပ်ဖွဲ့တွေဟာ ကာ့ဒ်သူပုန် တွေကို အီရတ်နိုင်ငံမြောက်ပိုင်းထဲ အထိ လိုက်လံ တိုက်ခိုက်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။

ကာ့ဒ်အလုပ်သမားပါတီ PKK အဖွဲ့က စစ်သွေးကြွတွေဟာ တူရကီ အရှေ့တောင်ပိုင်း အီရတ်နယ်ခြားအနီး ဟက်ကရာအီ ပြည်နယ်က စစ်အခြေစိုက် စခန်းအတော်များများကို ဝင်တိုက်ခဲ့တာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

တူရကီသမ္မတ အက်ဘ်ဒူလာဂူးလ်က တိုက်ခိုက်မှုတွေကို ရှုတ်ချလိုက်ပြီး၊ သူ့အဆို ကြီးမား တဲ့ လက်စားချေတုံ့ပြန်တိုက်ခိုက်မှုတွေ ပြန်လုပ်မယ်လို့ ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။

နောက်ပြီး တူရကီနိုင်ငံကို လက်နက်နဲ့ တိုက်ခိုက်တာတွေကြောင့် ဘာမှဖြစ်လာ မှာ မဟုတ် ဘူးဆိုတာကို တွေ့မြင်ကြရမယ်လို့လည်း သူက ပြောပါတယ်။

အီရတ်နိုင်ငံထဲမှာ ရှိတဲ့ ကာ့ဒ်သူပုန် စခန်းတွေကို တူရကီ စစ်လေယာဉ်တွေကလည်း ဗုံးကြဲခဲ့ တယ်လို့ တူရကီ လုံခြုံရေး အရာရှိတွေ က ပြောပါတယ်။

တူရကီစစ်တပ်နဲ့ သူပုန်တွေအကြား ပြီးခဲ့တဲ့ လအတော်ကြာကြာကစပြီး တိုက်ခိုက်မှု အရှိန် မြှင့်မားလာကာ၊ အဲဒီအချိန်ကစလို့ အခုလို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။