ဘန်ကောက် ရေကြီး မှု ဆိုးဝါး နေဆဲ

  • 20 အောက်တိုဘာ 2011
bangkok ဓာတ်ပုံ မူပိုင် AFP
Image caption ဘန်ကောက် က ရေ ကြီးမှု

ထိုင်းမှာ ဆယ်စုနှစ် အတွင်း အဆိုးဝါးဆုံး ရေကြီးမှု ဖြစ်နေပြီး ဘန်ကောက် က လူဦးရေ ထူထပ်ရာ နေရာ အကုန်လုံး ရေမဝင်အောင် ကာကွယ် ဖို့ က တော့ မဖြစ် နိုင် တော့ ဘူး လို့ ထိုင်း အစိုးရ က ပြော ပါတယ်။

ဘန်ကောက် မြို့ မြောက်ပိုင်း မှာ ရေတွေက ကုဗ မီတာ ဘီလီယံပေါင်း များစွာ ရှိနေတဲ့ အတွက် အခြေအနေ က တခွင် တပြင်လုံးမှာ ဆိုးဝါး နေ တယ် လို့ ထိုင်း ဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ် က ပြောပါတယ်။

ဒါ့အပြင် သူ က ပင်လယ် ထဲ ကို ရေတွေ ဆင်းသွားဖို့ အတွက် ဘန်ကောက် မြို့တွင်း တူးမြောင်း တွေကို အသုံးပြု ရတော့ မှာ ဖြစ်တယ်၊ တူးမြောင်းတိုင်း က ရေတံခါး တွေ ဖွင့်ပြီး ပင်လယ်ထဲကို အမြန်ဆုံး စီးဆင်း နိုင်အောင် သက်ဆိုင်သူ တွေ အားလုံးနဲ့ ဆွေးနွေး နေပြီ ဖြစ်တယ် လို့ လည်း ပြော ပါတယ်။

ထိုင်းနိုင်ငံ အနှံ့အပြား ရေကြီး မှုကြောင့် လူပေါင်း ၃၀၀ ခန့် သေဆုံး ခဲ့ရပြီး ဖြစ် ပါတယ်။

စီးပွားရေး အရ ထိခိုက်မှု

ဓာတ်ပုံ မူပိုင် AFP
Image caption စက်ရုံတွေ ရေမြုပ်နေ

ထိုင်းမှာ ရေကြီးလို့ စိုက်ခင်းတွေ လယ်ကွင်းတွေ ရေဖုံးနေ သလို မော်တော်ကား စက်ရုံတွေ ထဲလည်း ရေဝင် နေ ပါတယ်။

ဒီအတွက် ဆန်စပါး တင်ပို့မှု နဲ့ မော်တော်ကား လုပ်ငန်းတွေမှာ ထိခိုက် နစ်နာ နေ ပါတယ်။

ဒီ ရေကြီးမှု ကြောင့် ဒေါ်လာ သန်း ၃၀၀၀ ကျော် ဆုံးရှုံးဖို့ ရှိတယ်လို့ ထိုင်း ဗဟိုဘဏ် က ဆို ပါတယ်။

တကယ်တော့ ထိုင်းစီးပွားရေး သာ မက ကမ္ဘာ့ ကုန်သွယ်မှု ကိုပါ ပြန့်နှံ့ ထိခိုက် နေ ပါပြီ။

ထိုင်း စက်မှုလုပ်ငန်းတွေကို ထိခိုက်တာကြောင့် ပြီးခဲ့တဲ့ မတ်လတုန်းက ငလျင် နဲ့ ဆူနာမီ ဒဏ်ခံခဲ့ရပြီးနောက် စီးပွားရေး ပြန်လည် နာလန်ထဖို့ ကြိုးစားနေတဲ့ ဂျပန် ရဲ့ စီးပွားရေး ကိုလည်း ထိခိုက် လာတာ တွေ့ရ ပါတယ်။

ဆိုနီ ကုမ္ပဏီဆိုရင် ထိုင်းနိုင်ငံ မှာ ရှိတဲ့ သူ့ ရဲ့ ကုမ္ပဏီ ရေလွှမ်းခံ ရတဲ့ အတွက် ဒစ်ဂျစ်တယ် ကင်မရာ အသစ်တွေ ထုတ်လုပ်ရေးကိစ္စ နှောင့်နှေး သွားရတယ်လို့ ဆိုပါ တယ်။

ဘန်ကောက် မြောက်ပိုင်းက စက်ရုံ လေးရာကျော် ဟာ လည်း အလုပ်တွေ မနိုင်မနင်း ဖြစ်နေ ကြ ရတယ် လို့ ဆိုပါတယ်။

နောက်တခါ ထိုင်းနိုင်ငံဟာ ကမ္ဘာမှာ ကွန်ပြူတာ Hard Drive အများအပြား ထုတ်လုပ် နေတဲ့ နိုင်ငံ လည်း ဖြစ်ပါတယ်။

အခုအခါမှာ စက်ရုံတွေ ပိတ်လိုက် ရတော့ ထုတ်လုပ်မှု ဟာ လေးပုံ တပုံလောက် လျော့ကျ သွားတယ် လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ဟာ ကမ္ဘာမှာ ဆန်တင်ပို့မှု အများဆုံး နိုင်ငံလည်းဖြစ်ပါတယ်။

အခုအခါမှာတော့ ရေလွှမ်းမိုးမှုကြောင့် ဆန်တန်ချိန် သုံးသန်းခွဲလောက် ပျက်စီး သွား ပါတယ်။

ဒါ့ကြောင့် ကမ္ဘာတလွှားမှာ ဆန် စျေး မြင့်တက် လာနိုင် တယ်လို့ တွက်ချက် နေကြ ပါတယ်။

လူပေါင်း ငါးသိန်းလောက်ဟာလည်း ဒီ ရေလွှမ်းမိုးမှုကြောင့် အလုပ်အကိုင် ရပ်နား ထားကြ ရပါတယ်။

တကယ်လို့ ဘန်ကောက်ကိုသာ အခုထက် ပိုဆိုးတဲ့ ရေလွှမ်းမိုးမှု ခံရမယ် ဆိုရင်တော့ အမြောက် အများ ထပ်မံ ဆုံးရှုံး ရလိမ့်ဦးမယ်လို့ မှန်းဆ နေကြပါတယ်။