ကဒါဖီ ဘယ်လို သေဆုံးခဲ့သလဲ

  • 21 အောက်တိုဘာ 2011
Image caption ကဒါဖီကို အသက်ရှင်လျက် ဖမ်းဆီးခဲ့တာကို တွေ့ရ တယ်လို့ ကုသမဂ္ဂကပြောပါတယ်

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီး နာဗီ ပီလေးက ဗိုလ်မှူးကြီး ကဒါဖီ ဘယ်လိုဘယ်ပုံ သေဆုံး သွားခဲ့ရတယ်ဆိုတာကို အပြည့်အဝ စုံစမ်း စစ်ဆေးမှုတွေ လုပ်သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

လက်ကိုင်ဖုန်းနဲ့ရိုက်ကူးထားတဲ့ စိတ်အနှောင့် အယှက် ဖြစ်စရာ ပုံတွေထဲမှာ ကဒါဖီကို အသက်ရှင်လျက် ဖမ်းဆီးခဲ့ တယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့မြင်ရတယ်လို့ နာဗီပီလေးရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

လစ်ဗျား ဝန်ကြီးချုပ် Mahmoud Jibril ကတော့ မစ္စတာ ကဒါဖီရဲ့ သစ္စာခံ တွေနဲ့ အစိုးရ တပ်ဖွဲ့တွေကြား အပြန် အလှန် ပစ်ခတ်မှုတွေ ဖြစ်တုန်း ခေါင်းကို သေနတ် ကျည်ဆန် ထိမှန် သေဆုံး ခဲ့တာလို့ ပြောပါတယ်။

ဆာ့တ် မြို့ကနေ အထွက် မစ္စတာ ကဒါဖီ လိုက်ပါလာတဲ့ ကားတန်းကို ကြာသပတေးနေ့ မနက် ၈ နာရီခွဲလောက်က နေတိုး တပ်ဖွဲ့တွေ လေကြောင်း ကနေ တိုက်ခိုက်ခဲ့တာကြောင့် သူအပါအဝင် သူ့လူတွေ တော်တော်များများ ဒဏ်ရာ ရသွားခဲ့ကြပါတယ်။ နောက်တော့ ဆာ့တ်မြို့က ကွန်ကရစ် ပိုက်လုံးကြီးထဲမှာ ဝင်ပုန်း နေခဲ့ကြတာပါ။

ဗွီဒီယို ရုပ်ပုံတွေ မှာတော့ ဆာ့တ် မြို့က လမ်းမပေါ်မှာ ဒဏ်ရာ ရထားတဲ့ မစ္စတာ ကဒါဖီကို လူတွေ ဝိုင်းအုံ ပြီး ဒရွတ်တိုက် ဆွဲသွားတာ တွေ့ရပါတယ်။ အဲဒီတုန်းက သူအသက် ရှင်လျက် ရှိပါသေးတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ ကဒါဖီကို လူတွေ ဒရွတ်တိုက် ဆွဲသွား တုန်းက အသက်ရှင်လျက် ရှိပါသေးတယ်

အဲဒီ အချိန်မှာပဲ သေနတ် ပစ်ခတ်သံတွေ အကြီး အကျယ် ကြားခဲ့ရပြီး မြင်ကွင်း ကလည်း ရှုပ်ရှုပ် ထွေးထွေး ဖြစ်သွားပါတယ်။ နောက်တော့ သွေးအိုင်ထဲ လဲကျ သေဆုံး နေတဲ့ မစ္စတာ ကဒါဖီကို တွေ့ရပါတယ်။

လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီကို သစ္စာခံတဲ့ တိုက်ခိုက်ရေးသမား တစ်ယောက် ကတော့ မစ္စတာ ကဒါဖီက သူ့ကို ပစ်မသတ်ဖို့ တောင်းပန်ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။ အနီးနားက လူတစ်ယောက် ကတော့ မစ္စတာ ကဒါဖီကို (၉)မမ ပစ်စတိုနဲ့ လူတစ်ယောက်က ဗိုက်ကို ပစ်သတ်ခဲ့တယ်လို့ ပြောပါတယ်။

NTC ထိပ်တန်း အဖွဲ့ဝင် တစ်ယောက် ဖြစ်သူ Mohammed Sayeh က မစ္စတာ ကဒါဖီကို NTC တပ်ဖွဲ့တွေက တမင် ပစ်သတ်ခဲ့ တယ်လို့ မထင်ကြောင်း ပြောပါတယ်။

လူ့အခွင့် အရေး အဖွဲ့တွေ တောင်းဆို နေကြသလို မစ္စတာ ကဒါဖီ ဘယ်လို သေသွားခဲ့ရသလဲ ဆိုတာ ကိုတော့ စုံစမ်း စစ်ဆေးမှုတွေအရ အဖြေ ထွက်လာတဲ့ အခါ သိရမှာပါ။

အခု အသေအချာ ပြောနိုင်တာက မစ္စတာ ကဒါဖီရော၊ သူ့ရဲ့ သား တစ်ယောက် ဖြစ်တဲ့ Mutassim ပါ မနေ့က သေဆုံး သွားခဲ့ပြီ ဖြစ်ပြီး၊ လောလောဆယ် မစ္စရာတာ မြို့မှာ သူတို့ အလောင်းတွေကို ထားရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption တိုက်ခိုက်မှုတွေကို တဖြည်းဖြည်း ချင်းရပ်စဲဖို့ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်

ဗိုလ်မှူးကြီးကဒါဖီ သေဆုံးသွားခဲ့ပြီးနောက် နေတိုးအဖွဲ့ရဲ့ လစ်ဗျားနိုင်ငံ စစ်ဆင်ရေးလည်း ပြီးဆုံးတော့ မှာ ဖြစ်တယ်လို့ ပြင်သစ် သမ္မတ နီကိုးလပ်စ်ဆာကိုဇီက ပြောကြားလိုက်ပါတယ်။

ဘရပ်ဆဲလ်မြို့မှာ ကျင်းပမယ့် နေတိုး ထိပ်တန်း အရာရှိတွေရဲ့ ဆွေးနွေးပွဲ မကျင်းပ ခင်မှာ သမ္မတ ဆာကိုဇီက အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၇ လက စတင်ခဲ့တဲ့ နေတိုးအဖွဲ့ရဲ့ လစ်ဗျားစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြုလုပ်မယ့် ဒီအစည်းအဝေးကနေ တိုက်ခိုက်မှုတွေကို တဖြည်းဖြည်းချင်း ရပ်စဲသွားဖို့ကို ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

နေတိုးအဖွဲ့က သူတို့အနေနဲ့ အရေးပါတဲ့ အောင်မြင်မှု ရရှိခဲ့တယ်လို့ ယုံကြည်နေကြောင်း ဘရပ်ဆဲလ်မှာရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။