ကဒါဖီသေပုံ စုံစမ်းသင့်လို့ ကလင်တန်ပြော

  • 24 အောက်တိုဘာ 2011
cliton ဓာတ်ပုံ မူပိုင် none
Image caption ဟီလာရီ ကလင်တန်

အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဗိုလ်မှူးကြီး ကဒါဖီ ဘယ်လို ဘယ်ပုံ သေဆုံး ခဲ့ရသလဲ ဆိုတာကို အပြည့် အဝ စုံစမ်းစစ်ဆေး မှုတွေလုပ်သင့် တယ်လို့ ဆိုလိုက် ပါတယ်။

လစ်ဗျား နိုင်ငံ သစ်ဟာ အစပိုင်းမှာ ကတည်းက တရား ဥပဒေ စိုးမိုးမှုနဲ့ အစပျိုး ဖို့ အရေးကြီး တယ်လို့ မစ္စစ် ကလင်တန်က အမေရိကန် ရုပ်မြင် တခုမှာ ပြောကြား သွား ခဲ့ပါတယ်။

မစ္စစ် ကလင်တန်က ပြောကြား ရာမှာ တော့ အားလုံးက ကဒါဖီကို အရှင်ဖမ်းပြီး ရုံးတင် စစ်ဆေး ဖို့ ကို မျှော်လင့် နေခဲ့ကြ ကြောင်း၊ အခုလို အသွင်ပြောင်း ကောင်စီက ဒီ ကိစ္စနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုကို လုပ်သွား မယ်လို့ ဆိုတဲ့ အတွက် ကုလသမဂ္ဂနဲ့ အတူ အဲဒီ အပေါ်မှာ အပြည့် အဝ ထောက်ခံ ကြောင်း၊ အကြောင်းကတော့ လစ်ဗျား နိုင်ငံသစ် မှာ တရား ဥပဒေ စိုးမိုးပြီး၊ အားလုံး ညီညီ ညွတ်ညွတ် နဲ့ ယုံကြည် အားကိုးရတဲ့ ဒီမိုကရေစီ တည်ဆောက် ဖို့ စလုပ်ရ မှာ ဖြစ်ကြောင်း၊ ဒါမှ အရင် အစိုးရကို ထောက်ခံ သူ တွေဟာလဲ သူတို့ လက်တွေ သွေးမစွန်းသမျှ ဘာမှ စိုးရိမ် စရာမလိုဘဲ နိုင်ငံသစ် မှာ ပါဝင် သွား နိုင်ကြမှာ ဖြစ်ကြောင်း တွေကို ပြောသွား ခဲ့ပါတယ်။

တချိန်ထဲမှာ ပဲ လစ်ဗျားနိုင်ငံ ရဲ့ ခေါင်းဆောင်သစ် တွေ အဖို့ ဗိုလ်မှူးကြီး ကဒါဖီ ရဲ့ ရုပ်အလောင်း နဲ့ ပတ်သက်လို့ ဘယ်လို ဆက်လုပ် သွားမလဲ ဆိုတာ ခုထက်ထိ မသဲမကွဲ ဖြစ်နေပါတယ်။ သတင်း တချို့မှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂါဇီ မြို့မှာ ထိတ်ပိုင်း ဆွေးနွေးမှုတွေ လုပ်ခဲ့ ကြတယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီ ရဲ့ အလောင်းကို မစ္စရာတာ မြို့က အအေးခန်း တခုမှာ ထည့်ထား တာ ဖြစ်ပြီး အရပ်ပြည်သူ တွေကလဲ နိုင်ငံကို အနှစ် ၄၀ ကျော် အုပ်ချုပ်သွားခဲ့တဲ့ သူ့ရဲ့ အလောင်း ကို လာပြီး ကြည့်နိုင် ကြပါတယ်။