ယူရိုဇုန်ပြဿနာအတွက် ထိပ်သီးဆွေးနွေးပွဲ

  • 23 အောက်တိုဘာ 2011
Euro ဓာတ်ပုံ မူပိုင် Reuters
Image caption ယူရို ငွေကြေးကို ကာကွယ်နိုင်ဖို့ ကြိုးစားနေ

ဥရောပ ယူရိုဇုန်အတွင်း အစိုးရတွေရဲ့ ကြွေးမီပြဿနာနဲ့ပတ်သက်ပြီး ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဥရောပ ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို တနင်္ဂနွေနေ့မှာ ကျင်းပမှာပါ။

ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာ့ကဲလ်ကတော့ ယူရိုငွေကြေးကို အကာကအကွယ်ပေးနိုင်မယ့် အစီအစဉ်တွေကို ထိပ်သီး ဆွေးနွေးပွဲ အတွင်း ဥရောပခေါင်းဆောင်တွေ အဖြေရှာ ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ နောက်ပြီး ဂရိနိုင်ငံက အကြွေးပြဿနာရဲ့ အတိမ်အနက်ကိုလည်း လက်တွေ့ကျကျ အကဲဖြတ်ဖို့ လိုကြောင်းလည်း သူက ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်မှာ ပြောပါတယ်။

ဒီမနက် ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲမှာတော့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းအပါအဝင် ဥရောပ ခေါင်းဆောင် ၂၇ ဦးစလုံး တက်ရောက်ကြမှာပါ။

နောက်ပြီး ညနေ ပိုင်းမှာလည်း ယူရိုငွေကြေး သုံးစွဲတဲ့ နိုင်ငံတွေက အထူးထိပ်သီး ဆွေးနွေးပွဲလည်း ကျင်းပဖို့ ရှိပါတယ်။ အလားတူ အစည်းအဝေးမျိုးကို ဗုဒ္ဓဟူးနေ့ ကျရင်လည်း ထပ်လုပ်ဖို့ ရှိပါတယ်။

ဒီလို့ အစည်းအဝေးတွေကို ကြည့်ရင် ဥရောပ အကြွေးပြဿနာ အတွက် ဆုံးဖြတ် လုပ်ဆောင်စရာတွေ အများအပြား ကျန်နေသေး တယ်ဆိုတာ သိသာနေပါတယ်။

စနေနေ့ သဘောတူညီချက်

စနေနေ့ နှောင်းပိုင်း မှာတုန်းကတော့ ဥရောပက ဘဏ္ဍာရေးဝန်ကြီးတွေဟာ ဥရောပဘဏ်တွေအတွက် အရေးပေါ် ရံပုံငွေတစ်ရပ်ထူထောင်ထားဖို့ ကနဦး သဘောတူကြပါတယ်။ ယူရိုငွေ ၁၀၀ ဘီလျံရှိမယ့် ရံပုံငွေပါ။

ဒါပေမယ့် ပြဿာကို ဖြေရှင်းနိုင်ဖိုက ဒါနဲ့တင် မလုံလောက်သေးပါဘူး။ ဂရိနိုင်ငံကို ဒုတိယအကြိမ် ကယ်ဆယ်ရေး ငွေ ထုတ်ပေးဖို့ ဆုံးဖြတ်ချက်တွေမှာလည်း ရဲရဲတင်းတင်း ထိထိရောက်ရောက် ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါဘူး။ ဂရိပြဿနာမှာ အကြွေးတွေ အများအပြားကို လျှော်ပစ်ဖို့ လိုနေပါတယ်။

အဲဒီလို လျှော်ပစ်လိုက်ရင် ဘဏ်တွေနဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ အကြီးအကျယ် ထိခိုက်ဖို့ ရှိနေပါတယ်။ ဒါပေမယ့် အကြွေးတွေ ဘယ်လောက် လျော်မှာလဲ။ ဘယ်လောက်ထိ ထိခိုက်နိုင်မလဲဆိုတဲ့အပေါ် အမြင်အမျိုးမျိုး ဖြစ်နေကြပါတယ်။ တချို့ကလည်း ဘဏ်တွေရဲ့ ချေးငွေတွေမှာ ၆၀ ရာခိုင်နှုန်းလောက်ထိ အကြွေးဆုံးတဲ့ ပမာဏ အဖြစ် ထားသင့်တယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။

ရံပုံငွေကို ဘယ်လို စီမံမလဲ

နောက်ပြီး ယူရိုဇုန်အရေးပေါ် ရံပုံငွေ EFSF ကို ဘယ်လိုပုံစံနဲ့ လုပ်ဆောင်ကြမလဲဆိုတဲ့ အသေးစိတ်လုပ်ဆောင်ဖို့ ကိစ္စတွေမှာလည်း ဥရောပခေါင်းဆောင်တွေကြား အပြင်းအထန် ဆွေးနွေးနေရဆဲ ဖြစ်ပါတယ်။ ပြင်သစ်ရဲ့ အဆိုပြုချက်ကတော့ ဒီရံပုံငွေတွေကို ဘဏ်တစ်ခုထောင်ပြီး ထားဖို့ အဆိုပြုပါတယ်။ ဒါပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ဒါကြောင့် နောက်ထပ် လုပ်နိုင်မယ့် နည်းလမ်းတွေကို အခု ထိပ်သီး ဆွေးနွေးပွဲမှာ ဆွေးနွေးကြဖို့ ရှိနေပါတယ်။

ဒီရံပုံငွေ ရှိဖို့က မဖြစ်မနေ လုပ်ဆောင်ရမယ့်ကိစ္စ ဖြစ်နေပါတယ်။ အကြွေးပြဿနာရောင်ခြည်တွေ သန်းနေတဲ့ ဥရောပနိုင်ငံကြီးတွေ ဖြစ်တဲ့ အီတလီတို့ စပိန်နိုင်ငံတို့လို နိုင်ငံတွေကို ကာကွယ်ပေးနိုင်ဖို့နဲ့ ဥရောပအတွင်းမှာ နောက်ထပ် ငွေကြေးပြဿနာတွေ ဆက်လက် ပျံ့နှံမသွားအောင် အကာအကွယ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။