လစ်ဗျားနိုင်ငံ လွတ်မြောက်မှုအခမ်းအနား ကျင်းပ

  • 23 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကဒါဖီကို ဖမ်းမိတုန်းကလည်း ဘန်ဂါဇီမြို့က ပြည်သူတွေ ပျော်ရွှင် အောင်ပွဲခံခဲ့ကြပါတယ်

ဗိုလ်မှူးကြီးကဒါဖီ သေဆုံးခဲ့ပြီးနောက် လစ်ဗျား နိုင်ငံ လွတ်မြောက်သွားပြီ ဖြစ်ကြောင်းကို ကြားဖြတ်အာဏာပိုင် NTC အဖွဲ့ကနေ တနင်္ဂနွေနေ့မှာ အခမ်း အနား နဲ့ တရားဝင် ကြေညာတော့မှာ ဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံက ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ဘန်ဂါဇီမှာ ပြုလုပ်မယ့် အခမ်းအနားကို လစ်ဗျား ပြည်သူ သောင်းနဲ့ချီပြီး တက်ရောက် လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အခမ်းအနားကျင်းပမယ့် နေရာကတော့ ဖေဖေါ်ဝါရီလတုန်းက လက်နက်မဲ့ ဆန္ဒပြသူတွေ၊ ကဒါဖီတပ်ဖွဲ့တွေကို ဆန့်ကျင် အံတုခဲ့တဲ့ ဘားတိုက်တွေ အပြင်ဘက်မှာ ဖြစ်ပါတယ်။

အဲဒီဆန္ဒပြမှုတွေကနေ လစ်ဗျားမှာ လူထုအုံကြွမှုတွေကို စတင်ဖြစ်ပေါ်စေခဲ့တာလည်း ဖြစ်ပါတယ်။

ဘီဘီစီသတင်းထောက် ပြောတာကတော့ ဒီအခမ်းအနားမှာ ကြီးမားတဲ့ အောင်ပွဲခံမှုတွေ ပြုလုပ်မှာ ဖြစ်သလို၊ နှစ်ပေါင်း ၄၀ ကျော် အုပ်ချုပ်ခဲ့တဲ့ ဗိုလ်မှူကြီး ကဒါဖီရဲ့ အုပ်ချုပ်မှု အဆုံးသတ်သွားပြီး လွတ်လပ်မှု ရရှိလာတာကို ဖေါ်ပြတဲ့ ပွဲတွေလည်း ပါဝင်မယ်လို့ ပြောပါတယ်။

မစ္စရာတာမြို့က အသားတွေထားတဲ့ အအေးခန်းထဲမှာ ရှိနေတဲ့ ဗိုလ်မှူးကြီးကဒါဖီ အလောင်းကို ဘာဆက်လုပ်မယ် ဆိုတာနဲ့ပတ်သက်ပြီး လက်ရှိ တာဝန်ယူထား ကြတဲ့ ခေါင်းဆောင်သစ်တွေအကြား မသေချာမှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။