ထိုင်းရေကြီးမှု တလကျော် ကြာမြင့်နိုင်

  • 23 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ထိုင်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရေကြီးမှုဟာ နှစ်၅၀ အတွင်း အဆိုးဝါးဆုံးဖြစ်

ထိုင်းနိုင်ငံမှာ နှစ်၅၀အတွင်း အဆိုးဝါးဆုံး ဖြစ်တဲ့ ရေကြီးမှုဟာ နောက်ထပ် တလ ကျော်လောက် ထပ်ကြာမြင့်နိုင်ပြီး ဘန်ကောက် မြို့လယ်ထဲ ရေတွေ ဝင်လာ နိုင်တဲ့အတွက် မြို့သူမြို့သားတွေ အသင့် ပြင်ဆင်ထားကြဖို့ ထိုင်းဝန်ကြီးချုပ် ယင့်လတ် ရှင်နဝပ်က ပြောကြားလိုက် ပါတယ်။

ဘန်ကောက်မြို့သူ မြို့သားတွေအနေနဲ့ ပိုင်ဆိုင် မှု ပစ္စည်းတွေကို မြေပြင်ကနေ အနည်းဆုံး ၃ပေကျော်လောက်အမြင့်မှာ ရွှေ့ထားကြဖို့ ဝန်ကြီးချုပ် ယင့်လတ်က အပတ်စဉ် လုပ်တဲ့ ရုပ်မြင်သံကြား မိန့်ခွန်းထဲမှာ သတိပေး ပြောကြားသွားပါတယ်။

ဘန်ကောက်မြို့ထဲကို ရေတွေ ဝင်မလာအောင် အစိုးရက နည်းမျိုးစုံနဲ့ ကြိုးစားသွားမယ်လို့ ပြောပေမယ့် မြို့ခံတွေက အယုံအကြည်မရှိပဲ သဲအိတ်တွေနဲ့ ပိတ်ပြီး ကိုယ့်နည်း ကိုယ့်ဟန် ကာကွယ်မှုတွေ စလုပ်နေကြပြီလို့ ဘန်ကောက်မှာရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဘန်ကောက်မြို့မှာ အခြေခံ စားကုန်တွေနဲ့ ရိက္ခာခြောက်တွေ စတင်ရှားပါးလာနေပြီး သွားရေး လာရေးမှာလည်း အခက်တွေ့နေတယ်လို့ ဆိုပါတယ်။

ရေကြီးတဲ့ ဒေသတဝိုက်မှာ ဘတ်စ်ကားတွေ မပြေးဆွဲတော့တာကြောင့် စစ်တပ်က သူတို့ ကားတွေနဲ့ သယ်ယူ ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။

မော်တော်ဘုတ်နဲ့ ခရီး သွားလာတဲ့ စားရိတ်တွေလည်း ထိုးတက်သွားပြီး စျေးဆိုင် အများစု လည်း ပိတ်ထားပါတယ်။

အဆိုးဆုံးက ထိုင်းနိုင်ငံမှာ ပိုက်ဆံ ထပ်ဖြည့်တဲ့ ဖုန်းကဒ်စနစ်နဲ့ မိုဘိုင်းဖုန်း ကိုင်လေ့ ရှိကြ တာကြောင့် အခုလို ဆိုင်တွေ ပိတ်ထားတဲ့ အတွက် ဖုန်းကဒ်တွေ မဝယ်နိုင်ပဲ ဆက်သွယ်ရေး မှာ အခက်အခဲ တွေ့နေကြရပါတယ်။

တခါ ATM ငွေထုတ်စက်တွေ ပိတ်ထားတဲ့အတွက် ငွေမထုတ်နိုင်ပဲ ဖြစ်နေကြရတယ်လို့ လည်း သိရပါတယ်။