တူးနီးရှားမှာ ရွေးကောက်ပွဲ ကျင်းပ

  • 23 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption အခြေခံဥပဒေရေးဆွဲရေး လွှတ်တော် တရပ် အတွက် မဲပေးနေကြတာ ဖြစ်ပါတယ်

အာရပ်နိုင်ငံတွေမှာ လွန်ခဲ့တဲ့ တနှစ်နီးပါးက ဒီမိုကရေစီ တော်လှန်ရေး လှိုင်းတံပိုး စတင် ဖြစ်ပွားခဲ့ပြီးနောက် အရှေ့အလယ်ပိုင်း ဒေသတွင်း ပထမဦးဆုံး ပြုလုပ်တဲ့ တူနီးရှား နိုင်ငံ လွတ်လပ်တဲ့ရွေးကောက်ပွဲ တွေမှာ မဲဆန္ဒရှင်တွေ မဲပေးနေကြပြီ ဖြစ်ပါတယ်။

မဲလာပေးသူ အရေအတွက်ဟာ အားလုံး မျှော်လင့် ထားတာထက်ကို ပိုများနေတယ်လို့ ရွေးကောက်ပွဲ အရာရှိတဦးကပြောပါတယ်။

အခုရွေးကောက်ပွဲဟာ အခြေခံဥပဒေရေးဆွဲရေး လွှတ်တော် တရပ် အတွက်ဖြစ်ပြီး၊ ဒီလွှတ်တော်ကနေ အခြေခံဥပဒေသစ် မူကြမ်း တခု ရေးဆွဲကာ ကြားဖြတ် သမ္မတတဦး ကိုလည်း ခန့်အပ်မှာ ဖြစ်ပါတယ်။ အဲဒီနောက် သမ္မတကနေ အစိုးရသစ်ကို ရွေးချယ် ဖွဲ့စည်းမှာပါ။

ကျူးနစ်မြို့ မဲရုံတခုမှာ ပထမဦးဆုံး မဲပေးသူတွေထဲ ပါဝင်နိုင်ဖို့အတွက် အိမ်ကနေ ၂၅ ကီလို မီတာဝေးတဲ့ မဲရုံအထိ သွားခဲ့တဲ့ အမျိုးသမီးတဦးက သူ့အနေနဲ့ အရမ်းကို ဝမ်းသာပြီး စိတ်လှုပ်ရှားနေရကြောင်း၊ အခုလို မဲပေးပွဲတွေ တူနီးရှားမှာ ဖြစ်လာလိမ့်မယ်လို့ တခါမှာ မထင်ခဲ့ကြောင်းကို ပြောပြပါတယ်။

အာဏာရှင် စနစ်အောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ နေခဲ့ပြီးတဲ့နောက် ပထမဆုံး အကြိမ် သူတို့ထည့်တဲ့ မဲတွေကို မှန်မှန်ကန်ကန် ရေတွက်ကြလိမ့်မယ်လို့ မဲဆန္ဒရှင်တွေက ယုံကြည် နေကြပါတယ်။

ဒါပေမယ့် လူထုတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ လူငယ်တော်လှန်ရေးသမား တချို့ကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ကြပါတယ်။ အကြောင်းကတော့ နိုင်ငံရေးပါတီတွေမှာ လူငယ်တွေကို ကိုယ်စားပြုတဲ့ ပါတီ သိပ်မပါတဲ့ အတွက်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၀ လက မိုဟာမတ်ဘိုင်ဇီဇီ ဆိုသူ ကိုယ့်ကိုယ်ကို မီးရှို့ပြီး အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုကနေ အာရပ်ကမ္ဘာ တလွှားမှာ လူထုအုံကြွမှုတွေ ဖြစ်ပွားလာ ခဲ့ပြီး၊ အီဂျစ်နဲ့ လစ်ဗျား ခေါင်းဆောင်တွေလည်း ဖြုတ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

အခုတော့ အုံကြွမှုတွေဟာ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေ အထိ အကြီးအကျယ် ဆက်လက် ကျယ်ပြန့်နေပြီ ဖြစ်ပါတယ်။