Khaled Said သေဆုံးရမှု ရဲ နှစ်ယောက်ကို ထောင်ရနှစ်ချ

  • 27 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption အပြစ်ပေးခံရတဲ့ ရဲထောက်လှမ်းရေး နှစ်ယောက်

အီဂျစ်နိုင်ငံမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တယောက်ကို သတ်ဖြတ်မှုနဲ့ ရဲ ထောက်လှမ်းရေး နှစ်ယောက်ကို တရားရုံးက ထောင်ခုနှစ် နှစ် စီရင်ချက် ချလိုက်ပါတယ်။

အဲဒီ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ Khaled Said သေဆုံးမှုကြောင့် သမ္မတဟောင်း ဟော်စနီ မူဘာရက် ရာထူးက ပြုတ်သွားတဲ့အထိ လူထု အုံကြွမှုတွေ ပြန့်နှံ့ဖြစ်ပေါ်ခဲ့တာပါ။

မနှစ်တုန်းက Alexandria မြို့က အင်တာနက် ဆိုင်ထဲကနေ Khaled Said ကို ရဲအရာရှိတွေက ဆွဲထုတ် အပြင်းအထန် ရိုက်နှက်တာ ခံခဲ့ရ ပြီးတဲ့နောက် ဒဏ်ရာ အပြင်းအထန်နဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ သူဟာ မူးယစ်ဆေး တထုပ်လုံး ဝါးမြိုလို့ လည်ချောင်းထဲမှာ နင်ပြီး သေဆုံးသွားတာလို့ အစိုးရက ပြောခဲ့တာပါ။

နောက်ပိုင်းမှာ စုံစမ်းမှုတွေ အရ သူ့ပါးစပ်ထဲကို သောက်ဆေးထုပ် အတင်း သွတ်သွင်း ခံရတာ ဖြစ်တယ်လို့ စစ်ဆေး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

စီရင်ချက် ကြားနာ ပြီးတဲ့နောက်မှာ ရဲတွေရဲ့ ဆွေမျိုးတွေက တရားရုံးထဲက ထိုင်ခုံတွေကို ရိုက်ချိုးခဲ့သလို ခါလစ် ဆက်ဒ်ရဲ့ ဦးလေးကိုလည်း တိုက်ခိုက် ရန်ပြုခဲ့ပါတယ်။

ခါလစ် ဦးလေးကလည်း သူ့တူဟာ အသတ်ခံရတာလို့ ယုံကြည်တာကြောင့် တရားရုံး ဆုံးဖြတ်ချက် အပေါ် မကျေနပ်ဘူးလို့ ပြောပါတယ်။