ယူရို ကယ်ဆယ်ရေး ညလုံးပေါက် ဆွေးနွေးနေ

  • 27 အောက်တိုဘာ 2011
Image caption ပြင်သစ် သမ္မတနဲ့ ဂျာမန် ဝန်ကြီးချုပ်တို့ အစည်း အဝေး တက်လာစဉ်

ယူရို အကြွေး အကျပ်အတည်းကို ဖြေရှင်းဖို့ ဥရောပ သမဂ္ဂက ခေါင်းဆောင်တွေဟာ ဘရပ်ဆဲလမှာ ညလုံးပေါက် ဆွေးနွေးခဲ့ ပါတယ်။

ပထမ အကျော့ ဆွေးနွေးပြီးနောက်မှာ ဒေဝါလီ ခံရနိုင်တဲ့ နိုင်ငံတွေကို ပိုက်ဆံတွေ ချေးမိလျက် သား ဖြစ်နေတဲ့ ဘဏ်တွေရဲ့ ငွေပင် ငွေရင်းကို ထပ်ဖြည့်ဖို့ ကျယ်ပြန့်တဲ့ အကြမ်းမျဉ်း သဘော တူညီချက် တခု ရပြီးပြီလို့ ပြောကြပါတယ်။

အသေးစိတ်ကို တညလုံး ဆွေးနွေးကြရမယ့်ပုံ ရှိပါတယ်။

ဂရိ ပြဿနာဟာ အီတလီနဲ့ စပိန်ကို ပြန့်သွားမှာကို စိုးရိမ်နေပြီး ဂျာမန် ဝန်ကြီးချုပ် မာကဲ က ဂျာမနီ အနေနဲ့ အခု အကျပ်အတည်းကို တာဝန်ယူနိုင်စွမ်း ရှိတာကို တကမ္ဘာလုံးက စောင့်ကြည့်နေတယ်လို့ ပြောသွားပါတယ်။

တကယ်တော့ ဒီည ဆွေးနွေး နေတဲ့ အကြောင်း အရာတွေကို ခုပြီးခဲ့တဲ့ သီတင်းပတ် ကုန်က အကြမ်းမျဉ်း သဘော တူထား ပြီးသားပါ။

အဲဒိထဲမှာ ဥရောပက ဘဏ်တွေ အနေနဲ့ ငွေပင် ငွေရင်းသစ် ယူရို ၁၀၆ ဘီလီယံ ထပ်မတည် ရမှာ ဖြစ်ပြီး၊ ဂရိရဲ့ ကြွေးရှင်တွေ အနေနဲ့ အကြွေး တကျပ်ကို ၂၁ ပြား အဆုံးခံဖို့ မူလ သဘောတူထားရာကနေ ငါးမူးကနေ ပြားခြောက်ဆယ်လောက်ထိ အဆုံးခံဖို့ ပါဝင်ပါတယ်။

အထူးသဖြင့် ဂရိ အကြွေး အများစုကို အဆုံးခံဖို့ အဓိက အဆိုပြုနေသူက ဂျာမနီ ဖြစ်ပြီး တဘက်မှာ ပြောခဲ့သလို ဂရိ အကြွေး အများစု လျှော်ပစ်ရရင် အထိနာနိုင်ဆုံး နိုင်ငံတွေထဲမှာ ပြင်သစ်ဘဏ်တွေ ပါနေတဲ့ အတွက် သဘာတူညီမှု ရဖို့ မလွယ်ဖြစ်နေပါတယ်။

နောက်တခါ ဘဏ်တွေ အနာဂတ်မှာ ပြဿနာ ခုလို ဘဏ္ဍာရေး ပြဿနာ တက်လာရင် သူတို့ကို ကယ်ဖို့ ရံပုံငွေ ပမာဏကို သိသိသာသာ တိုးမြှင့်ဖို့ ကိစ္စမှာလည်း ဘယ်လောက်ထိ တိုးမလဲဆိုတဲ့ အချက်မှာ သဘောမတူနိုင် ဖြစ်နေပါတယ်။