အီတလီနဲ့ ယူရိုဇုန် အကျပ်အတည်း အရှိန်ရလာ

  • 26 အောက်တိုဘာ 2011
Euro Zone ဓာတ်ပုံ မူပိုင် AFP
Image caption ယူရိုငွေကြေး အကျပ်အတည်း နက်ရှိုင်းလာ

ယူရိုဇုန် အကျပ်အတည်း ပိုကြီးလာနေရာမှာ အီတလီ အစိုးရရဲ့ အသုံး စရိတ် လျှော့ချ ရေး အစီအမံတွေကို ယူရိုဇုန် နိုင်ငံ ကြီးတွေနဲ့ စျေးကွက် လက်ခံ မခံ စောင့်ကြည့်နေကြ ပါတယ်။

ယူရိုဇုန်ထဲက နိုင်ငံတွေရဲ့ ဘဏ္ဍာရေး အကျပ် အတည်းဟာ လနဲ့ချီ ကြာမြင့်လာပြီ ဖြစ်ပြီး ဘယ်တော့မှ ဆုံးခန်း တိုင်မလဲ ရှင်းရှင်း လင်းလင်း မရှိသေးပါဘူး။

ပထမ ဂရိ အစိုးရ ငွေပြတ်သွားရာ ကနေ ဥရောပ ဗဟိုဘဏ်က ဝင်ကယ် ရပါတယ်။

အခု ဂရိ ဒေဝါလီ ခံရမယ့် အရိပ်အယောင်တွေ ပေါ်ထွက် လာနေရာမှာ ဂရိထက် အဆ များစွာ ကြီးတဲ့ အီတလီ၊ စပိန် စတဲ့ နိုင်ငံတွေကိုလည်း ပြဿနာတွေ ကူးစက်မယ့် အလားအလာတွေကို စိုးရိမ် နေပါတယ်။

အီတလီ အစိုးရကို ဘတ်ဂျက် လိုငွေပြမှု လျှော့ချမယ့် အစီအမံတွေ တင်ပြဖို့ ဥရောပ ဗဟိုဘဏ်က ညွှန်ကြားထားပြီး ခုနောက်ဆုံး အီတလီက နိုင်ငံရေး ပါတီတွေ ကြားမှာ သဘောတူညီမှု ရသွားပြီလို့ သတင်းတွေ ရပါတယ်။

ဒီသဘော တူညီချက်ရဲ့ အသေးစိတ် အချက် အလက်တွေတော့ ထွက်မလာသေးပါဘူး။

ဥရောပ ဗဟိုဘဏ်က အီတလီက ပင်စင်သက်ကို ၆၇ နှစ်ထိ မြှင့်စေချင် ပေမယ့် ဒါကို အီတလီမှာ ဘယ်သူမှ လက်ခံမှာ မဟုတ်ဖူးလို့ အီတလီ အမတ် တွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ ည မှာ အီတလီ ဝန်ကြီးချုပ် ဘာလူစကိုနီ ကိုယ်တိုင် ဘရပ်ဆဲလ ကို လာပြီး အီတလီရဲ့ ဘတ်ဂျက် လိုငွေပြမှု လျှော့ချရေး အစီအမံတွေကို တင်ပြမှာ ဖြစ် ပါတယ်။

ဒီ အစီအမံတွေကို စျေးကွက်ရဲ့ တုန့်ပြန်မှုကို လိုက်ပြီး ယူရိုငွေကြေးဟာ ခုရက်ပိုင်းတွေ အတွင်းမှာ အတက်အကျ ကြမ်းနေနိုင်တယ်လို့ အကဲခပ်တွေက ခန့်မှန်း နေ ပါတယ်။