တူနီးရှား နိုင်ငံ Sidi Bouzid မြို့မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွား

  • 27 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption Ennahda ပါတီ လွှတ်တော်မှာ အမတ်နေရာ အများဆုံး ရပြီ

တူနီးရှား နိုင်ငံ Sidi Bouzid မြို့ အလယ်ပိုင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီနေရာဟာ ပြီးခဲ့တဲ့ ဇန္နဝါရီလ တုန်းက သမ္မတဟောင်း ဘန်အလီ ရာထူးက ဖယ်ရှားခဲ့ရတဲ့ အထိ ပေါ်ပေါက်ခဲ့တဲ့ လူထု အုံကြွမှုတွေ စဖြစ်ခဲ့တဲ့ အရပ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့တုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေး ပါတီတခုရဲ့ အနိုင်မဲ တော်တော်များများကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့တဲ့ အတွက် ရာထောင်ချီတဲ့ လူတွေ ဆန္ဒပြခဲ့ကြပြီး ရဲက မျက်ရည်ယိုဗုံးတွေ သုံးကာ လူစု ခွဲခဲ့ရပါတယ်။

အဲဒီပါတီဟာ ရွေးကောက်ပွဲ ဆိုင်ရာ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့ တယ်လို့ စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက အလယ်အလတ် အစ္စလာမ် ဝါဒီ အနက်ဒါ ပါတီရဲ့ ဒေသဆိုင်ရာ ရုံးချုပ်ကို တိုက်ခိုက်ခဲ့ကြပါတယ်။

အခြေခံ ဥပဒေ အသစ် ရေးဆွဲမယ့် အမျိုးသား လွှတ်တော်က အမတ်နေရာ အများစုကို Ennahda ပါတီက အနိုင်ရသွားတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ကြေညာခဲ့ပါတယ်။