ဘန်ကောက်မြို့ရေကြီးမှု မထိန်းနိုင်တော့ပြီ

  • 27 အောက်တိုဘာ 2011
Image caption ဘန်ကောက်မြို့ မော်ချစ် ကားဂိတ်မှာလည်း လူတွေ ပြည့်ကျပ် နေပါတယ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နေရာအများစု ကို မကြာခင် ရေလွှမ်းနိုင်တယ်လို့ အစိုးရက ကြေညာခဲ့ပြီးနောက် ထောင်သောင်းချီတဲ့ လူတွေဟာ ဘန်ကောက်မြို့ကနေ ထွက်ခွာ နေကြပြီဖြစ်ပါတယ်။

ဘန်ကောက်မြို့ ရေမကြီးအောင် ကာကွယ်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ထိုင်းဝန်ကြီးချုပ် ယင့်လက် ရှင်နာဝက်က ပြောကြားပါတယ်။

ရေဘေးကတော့ အဆိုးဆုံး အခြေအနေ ရောက်နေပြီဖြစ်ပြီး၊ ကြီးမားလှတဲ့ ရေထုရဲ့ သဘာဝကို တားဆီးဖို့ ဆိုတာ မဖြစ်နိုင်တော့ ဘူးလို့ မစ်ယင့်လက်က ဆိုပါတယ်။

ဘန်ကောက်မြို့ ဒွန်းမောင်းလေဆိပ် အရှေ့ဘက်ခြမ်း စိုင်မိုင် မြို့နယ်မှာတော့ ရေကြီးမှု ပိုဆိုးလာတဲ့အတွက် ကြာသပတေးနေ့ နေ့လည် ၁၂ နာရီ နောက်ဆုံးထားပြီး ရေဘေး ဒုက္ခသည် စခန်းတွေဆီကို ပြောင်းရွှေ့ဖို့ ဘန်ကောက်မြို့ တော်ဝန်ကလည်း သတိပေး ပြောကြားထားပါတယ်။

ဘန်ကောက်မြို့ မြောက်ဘက်က မော်ချစ်ကားဂိတ်မှာတော့ ကားလက်မှတ်ရဖို့ စောင့်ဆိုင်း နေကြတဲ့ ခရီးသည်တွေဟာ ဂိတ်အထဲနဲ့ ဂိတ်အပြင်တွေမှာ ပြည့်ကျပ်နေတယ်လို့ အဲဒီ နေရာကို ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့တဲ့ ဘီဘီစီ သတင်းထောက် ဦးဝင်းမြင့်က ပြောပါတယ်။

နောက်ပြီး သည်ယူပို့ဆောင်ရေးဌာနရဲ့ ပြောခွင့်ရသူတွေရဲ့ အဆိုအရ မော်ချစ်ကားဂိတ် ကနေ တနေ့ကို လူပေါင်း တသိန်းလောက် ထွက်ခွာနေကြတယ်လို့ သိရပါတယ်။

ဘန်ကောက်မြို့ရဲ့ တောင်ဘက်အထွက် လမ်းတွေပေါ်မှာတော့ ကားတွေ ပိတ်ဆို့နေပြီး၊ ဘတ်စကားတွေ ရထားတွေမှာ လူတွေ ပြည့်ကျပ် နေကြပါတယ်။

ရေကြီးနေတဲ့ အကျပ်အတည်းကြောင့် အာဏာပိုင်တွေက အရေးပေါ် အစိုးရ ရုံးပိတ်ရက် အဖြစ် ၅ ရက် ကြေညာထားတဲ့အတွက် ဘန်ကောက်မြို့ နေထိုင်သူတွေဟာ အခုလို ပိတ်ရက်မှာ ရွှေ့ပြောင်း နေကြတာဖြစ်ပါတယ်။

ထိုင်းစစ်တပ်ကလည်း လူအင်အား ငါးသောင်း၊ ကားအစီး တထောင်လောက်နဲ့ အရေးပေါ် ကယ်ဆယ်ရေးအတွက် ပြင်ဆင်ထားတယ်လို့ ကြေညာထားပါတယ်။

ဘန်ကောက်မြို့ မြောက်ဘက် ဆင်ခြေဖုံးနေရာတွေကတော့ ခါးလောက်အထိ ရေတက် လာနေပြီ ဖြစ်ပါတယ်။