အမျိုးသမီး တွေလည်း ဗြိတိန် ထီးနန်း ဆက်ခံ နိုင်ခွင့် ရပြီ

  • 28 အောက်တိုဘာ 2011
kate and williams ဓာတ်ပုံ မူပိုင် PA
Image caption သူတို့ ရဲ့ ပထမဆုံး ရင်သွေး က မိန်းကလေး ဖြစ်ရင် လည်း ထီးနန်း ဆက်ခံ ပိုင်ခွင့် ရှိ

ဗြိတိန် နိုင်ငံ မှာ ထီးနန်း ဆက်ခံ နိုင်ခွင့် ဥပဒေကို ပြောင်းလဲ တော့ မှာမို့ တော်ဝင် မိသားစုဝင် မိန်းကလေး တွေ အ‌နေနဲ့ ယောက်ျားလေး တွေလို ပဲ ထီးနန်း ဆက်ခံ ပိုင်ခွင့် အခွင့်အရေး ရသွား တော့မှာ ဖြစ် ပါတယ်။

ဗြိတိန် နိုင်ငံ က ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးကို ထီးနန်း ဥသျှောင် အဖြစ် အသိ အမှတ်ပြု ထားတဲ့ ဓန သဟာယ ၁၆ နိုင်ငံ ရဲ့ သဘော တူညီချက် နဲ့ ထီးနန်း ဆက်ခံခွင့် ဆိုင်ရာ ဒီ ဥပဒေ အပြောင်း အလဲ ဖြစ်လာ တာပါ။

ဗြိတိန်မှာ လက်ရှိ ကျင့်သုံးနေတဲ့ ထီးနန်း ဆက်ခံခွင့်မှာ အမျိုးသား အမျိုးသမီး ခွဲခြားမှု အဆုံး သတ်ပြီး တော်ဝင် မိသားစုတွေထဲက မွေးဖွား လာတဲ့ ကလေးဟာ မိန်းကလေး ဖြစ်နေတယ် ဆိုရင်လည်း ထီးမွေ ဆက်ခံခွင့် ပေးဖို့ ဓန သဟာယ နိုင်ငံများ ရဲ့ နှစ်ပတ်လည် အစည်းအဝေး မှာ သဘော တူညီ ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီပြောင်းလဲမှုကြောင့် ဗြိတိသျှ ထီးနန်း ဆက်ခံခွင့် ကို ကြီးစဉ် ငယ်လိုက် အစဉ် အတိုင်း ရရှိ သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြော ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော် ကတည်းက ကျင့်သုံးလာခဲ့တဲ့ အရင် ဥပဒေ အဟောင်း အရ ဆိုရင် ထီးမွေ ဆက်ခံခွင့် ရှိသူဟာ တော်ဝင် မိသားစု က မွေးလာတဲ့ သားဦး ယောက်ျား လေး သာ ဖြစ်ရ မှာပါ။

လက်ရှိ ဥသျှောင် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ဖခင် ဆဌမမြောက် ဂျော့ ဘုရင်ကြီး လို သား တဦး မှ မထွန်းကားဘူး ဆိုရင် တော့ ထီးမွေ နန်းမွေကို သမီး အကြီးဆုံး က ဆက်ခံခွင့် ရှိပါတယ်။

အခု ဥပဒေ ကို ပြင်လိုက်ပြီ ဖြစ်တဲ့ အတွက် တကယ်လို့သာ လက်ရှိ ကိန်းဘရစ် မြို့စားကြီး ဖြစ်တဲ့ မင်းသား ဝီလျံ နဲ့ မြို့စား ကတော် ကက်သရင်း မင်းသမီး တို့က မွေး လာ မယ့် ပထမဆုံး ရင်သွေးဟာ မိန်းကလေး ဖြစ်နေမယ် ဆိုရင် သူဟာ ထီးနန်း ဆက်ခံခွင့်မှာ ထိပ်ဆုံး နေရာ က ရှိနေမှာ ဖြစ်ပြီး သူဟာ တနေ့ မှာ ဘုရင်မကြီး ဖြစ် လာမယ် လို့ ဝန်ကြီးချုပ် က ပြော ပါတယ်။

ဒါ့အပြင် အနာဂတ်မှာ ထီးနန်း စိုးစံသူ ဖြစ်လာမယ့် သူဟာ ရိုမင် ကက်သလစ် ဘာသာဝင် တွေကို ထိမ်းမြားခြင်း မပြုရဘူး ဆိုတဲ့ ကန့်သတ်ချက်ကိုလည်း ပယ်ဖျက် မှာ ဖြစ်တယ် လို့ မစ္စတာ ကင်မရွန်းက ပြော ပါတယ်။

အဲလစ်ဇဘက် ဘုရင်မကြီးကလည်း အခု ပြုပြင် ပြောင်းလဲမှု ကို အပြည့် အဝ ထောက်ခံတယ် လို့ ယူဆရ ပါတယ်။

ခေတ်သစ် ကာလမှာ မရှိသင့်တော့တဲ့၊ ခေတ် မမီတော့တဲ့ အဲဒီ စည်းမျဉ်း ဥပဒေ တွေကို ဘေးဖယ်ထားလိုက်တဲ့ ဗြိတိန် ထီးနန်း စိုးစံခွင့် ဆိုင်ရာ ပြောင်းလဲမှု ဟာ သမိုင်းဝင် အပြောင်း အလဲ တရပ် ဖြစ်တယ် လို့ ဝန်ကြီးချုပ် မစ္စတာ ကင်မရွန်းက ပြော ပါတယ်။

အခု ပြောင်းလဲမှု တွေကို ဥပဒေ တစ်ရပ် အဖြစ် ပေါ်ထွက်လာရေးမှာ ဗြိတိန် နိုင်ငံက ဦးဆောင်ပြီး ဓန သဟာယ နိုင်ငံ အားလုံး ပါဝင်မှုနဲ့ တရားဝင် အတည်ပြုရမှာ ဖြစ် ပါတယ်။

အခုလို ပြောင်းလဲဖို့ ကိစ္စကို နှစ်ပေါင်းများစွာ ဆွေးနွေး ညှိနှိုင်း ခဲ့ကြတာ ဖြစ်ပေမဲ့ မင်းသား ဝီလျံနဲ့ ကက်သရင်း မင်းသမီး တို့ ရဲ့ မင်္ဂလာပွဲ နဲ့ သူတို့ လူထု ရှေ့မှောက် ရောက်လာ တဲ့ အချိန်မှာ ဒီကိစ္စကို အရေး တကြီး လုပ်ဆောင်ဖို့ ဖြစ်လာခဲ့ပြီး နှစ်ပေါင်း ၃၀၀ ကျော်ကြာ ကျင့်သုံး လာခဲ့တဲ့ ဓလေ့ ထုံးတမ်း ဥပဒေ တွေကို ပြောင်းပြန် လှန် ဖို့ ဖြစ်လာ ခဲ့တာ လို့ ဘီဘီစီ သတင်းထောက် တဦး က ပြောပါတယ်။