ထိုင်းရေဘေး စိုးရိမ်ရသေး

  • 30 အောက်တိုဘာ 2011
Bangkok ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဘန်ကောက်က လမ်းမတစ်ခု

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာတော့ ရေကြီးနေတာ သတင်းတစ်ပတ်လောက်ရှိ နေပြီး တနင်္ဂနွေနေ့ ဒီရေတက်ချိန်မှာ ရေထပ်တက်မလား စိုးရိမ်နေကြပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်ကတော့ ရေတွေ မကြာခင် ပြန်ကျတော့မယ်လို့ ဆိုပါ တယ်။

ဘန်ကောက်ကို ဖြတ်စီးတဲ့ ကျောက်ဖုရား မြစ်ရေတွေလည်း စနေနေ့တုန်းကတော့ သဲအိတ်တွေ တမံတွေကို ကျော်နိုင်တယ်လို့ ထင်ခဲ့ကြပေမယ့် ရေက ကျော်မလာဘူးလို့ သိရပါတယ်။ မြို့လယ်ကောင်ကိုလည်း ရေမဝင်သေးပါဘူး။ ရေတက်လာရင်လည်း ရေတားနိုင်ဖို့ သဲအိတ်တွေနဲ့ အကာအကွယ် လုပ်ထားပါတယ်။

ဒါပေမယ့် ပင်လယ်ဒီရေတက်ချိန်မှာ ရေတက်လာမလားဆိုပြီး လူတွေက စိုးရိမ်နေကြ ပါတယ်။

မြို့ရဲ့ မြောက်ဘက်ပိုင်းနေ လူတွေကတော့ ရင်ခေါင်းလောက် ရှိတဲ့ ရေတွေထဲကို ဖြတ်ရင်း အခုချိန်ထိ အိမ်ထောင်ပရိဘောဂတွေ၊ တီဗီစက်တွေ၊ ခွေးတွေ ကြောင်တွေကအစ သယ်ယူပြီး မြေမြင့်ရောတွေကို ပြောင်းရွေ့နေကျဆဲ ဖြစ်ပါတယ်။

ရေမတက်သေးတဲ့နေရာကလူတွေလည်း စိုးရိမ်မှုတွေနဲ့ ပြောင်းရွှေ့နေကြပါတယ်။

တချို့ မပြောင်းပဲ နေကြသူတွေကလည်း ရသမျှရိက္ခာတွေကို စုဆောင်းနေကြပါတယ်။ ရေသန့်ပူးကအစ ကြက်ဥဘဲဥအဆုံး စုဆောင်းနေကြပါတယ်။

ပစ္စည်းဝယ်ဖို့ ငွေပြတ်နေကြသူတွေလည်း ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေကြီးမှုကြောင့် ထိုင်းနိုင်ငံတွင်းက ဘဏ်ခွဲတွေ စုစုပေါင်း လေးရာ နီးပါးလောက် ပိတ်ထားရပါတယ်။

ရေဘေးအတွက် အစိုးရက အကူအညီပေးနေသလို နိုင်ငံတကာဘက်က ကူညီနေမှုမှာ အမေရိကန်လည်း ပါဝင်ပြီး အမေရိကန် စစ်သားတွေဟာ ရိက္ခာတွေ ဝေပေးနေသလို ရေကြီးမှု အဆိုးဆုံးဖြစ်တဲ့ နေရာတွေကိုလည်း အမေရိကန် ရဟတ်ယာဉ်တွေက သွားရောက် လေ့လာနေပါတယ်။