ယူရိုဇုံ ပြဿနာ မရေရာမှုတွေ ကြီးထွားလာ

  • 1 နိုဝင်ဘာ 2011
Euro Zone ဓာတ်ပုံ မူပိုင် BBC World Service
Image caption ခြိုးခြံ ချွေတာရေး အစီအမံတွေကို ဥရောပ နိုင်ငံတိုင်းမှာ ကန့်ကွက် ဆန္ဒပြနေ

ယူရိုဇုံ ကယ်ဆယ်ရေး ရံပုံငွေထဲ တရုတ်က ထင်သလောက် မြှတ်နှံမှု မလုပ်ဖူး ဆိုတာ သဲကွဲ လာပြီးနောက်မှာ မနေ့က ဂရိ အစိုးရက နောက်ထပ် ခြိုးခြံ ချွေတာရေး အစီအမံတွေ လုပ်မလုပ် လူထု ဆန္ဒခံယူပွဲ ခေါ်ပြီးမှ ဆုံးဖြတ်မယ်လို့ ကြေညာ လိုက်တဲ့ အတွက် ဗူးလေးရာ ဖရုံဆင့် ဆိုသလို ယူရို အနာဂတ် မရေရာမှုတွေ ပိုကြီးလာပါတယ်။

ဂရိမှာ လူထု သဘောထား စစ်တမ်း ကောက်ယူ ကြည့်ရာမှာ အများစုက နောက်ထပ် ခြိုးခြံ ချွေတာရေး အစီအမံတွေကို မထောက်ခံတာကို ပြနေပြီး အကျိုးဆက်အားဖြင့် ပြီးခဲ့တဲ့ အပတ်က ဘရပ်ဆဲလမှာ သဘောတူခဲ့တဲ့ အစီအစဉ်တွေ ပျက်မယ့် အလားအလာတွေ ရှိနေ ပါတယ်။

ယူရိုဇုံ သဘောတူညီချက်ကို လက်ခံမခံကို နောက်ဆုံးမှာ ဂရိ ပြည်သူတွေက ဆုံးဖြတ် တာကိုပဲ လက်ခံမယ်လို့ ဂရိ သမ္မတက ပြောပါတယ်။

ဒါပေမယ့် မစ္စတာ ပါပင်ဒရိုက ပြည်သူ့ ဆန္ဒခံယူပွဲကို ဘယ်တော့ ခေါ်မလဲဆိုတာတော့ ပြောမသွားပါဘူး။

လွှတ်တော်မှာ သူ့ကို အယုံအကြည် ရှိမရှိ အဆိုကို သူကိုယ်တိုင် တင်မယ်လို့လည်း ဂရိ သမ္မတက ပြောသွားပါတယ်။

ယူရိုဇုံ အကြွေး ပြဿနာ ပြေလည်ဖို့ မသေချာတဲ့ အတွက် ဘဏ်တွေ ဒေဝါလီ ခံရနိုင်တာကို စိုးရိမ်မှုတွေ ကြီးထွားလာပြီး မနေ့က ကမ္ဘာတဝှမ်းက အစုရှယ်ယာ စျေးကွက်တွေမှာ ဘဏ်တွေရဲ့ အစုရှယ်ယာစျေးတွေ ထိုးကျခဲ့ပါတယ်။

လန်ဒန် စျေးကွက်မှာ တစိတ်တပိုင်း နိုင်ငံပိုင် လုပ်ထားတဲ့ RBS နဲ့ Lloyds ဘဏ်တွေရဲ့ ရှယ်ယာစျေးတွေ တရက်ထဲ ခုနှစ် ရာခိုင်နှုန်း ထိုးကျခဲ့ပါတယ်။

နယူးယောက် စျေးကွက် ပိတ်ချိန်မှာ မနေ့က တန်ဖိုး အကျဆုံး ရှယ်ယာစျေးတွေမှာ ဘဏ်တွေရဲ့ ရှယ်ယာစျေးတွေဟာ ထိပ်က ပါပြီး ဥရောပ နိုင်ငံတွေကို ကိုယ့်ရှိတဲ့ အရင်းထက် ငါးဆ ချေးထားတဲ့ MF Global ရင်းနှီး မြှတ်နှံမှု ဘဏ်ဟာ ဒေဝါလီ မခံရအောင် လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်ခဲ့ရပါတယ်။

အစောပိုင်းကတော့ ကမ္ဘာ့ အလုပ်သမား အဖွဲ့က ကမ္ဘာ့ စီးပွားရေးဟာ ဆုတ်ယုတ်မှုနဲ့ ထပ်ကြုံ ရနိုင်ပြီး အလုပ် လက်မဲ့တွေ ထပ်တိုး လာနိုင်တယ်လို့ သတိ ပေးနေပါတယ်။