လူထု ဆန္ဒခံယူပွဲ ကျင်းပမယ်လို့ ဂရိ ကြေညာ

  • 1 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption ဝန်ကြီးချုပ် ပါပန်ဒရေယိုရဲ့ ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်သွားကြ

ဥရောပ သမဂ္ဂရဲ့ အကူ အညီပေးရေး အစီအစဉ်နဲ့ ပတ်သက်လို့ လူထု ဆန္ဒ ခံယူပွဲ ပြုလုပ်မယ် ဆိုတဲ့ မမျှော်လင့်တဲ့ ဆုံးဖြတ် ချက်ကြောင့် ဥရောပမှာ အစုရှယ်ယာစျေး တွေ သိသိသာသာ ထိုးကျ သွားခဲ့ ပါတယ်။

ပြင်သစ် နိုင်ငံရဲ့ ရှယ်ယာစျေးတွေလည်း အဆိုး ဆုံး ထိခိုက်ခဲ့ ပါတယ်။

ဥရောပဇုန် ကြွေးမြီ ပြဿနာကို ကိုင်တွယ် ဖြေရှင်းရေး အတွက် ဥရောပ ခေါင်းဆောင်တွေ ပြီးခဲ့တဲ့ သီတင်းပတ်က သဘောတူခဲ့ကြတဲ့ အကူအညီပေးရေး အစီအစဉ် အပေါ် ဂရိ မဲဆန္ဒရှင်တွေ အနေနဲ့ သံသယတွေ တိုးလာပြီး ခြိုးခြံ ချွေတာရေး ဆောင်ရွက်ချက်တွေ အပေါ် ကန့်ကွက်ကြမှာကို ကုန်သည်တွေက စိုးရိမ် နေကြ ပါတယ်။

လူထု ဆန္ဒ ခံယူပွဲ ကျင်းပမယ်လို့ တနင်္လာနေ့ ညနေက ကြေညာခဲ့ပြီးတဲ့ နောက် ဂရိ ဝန်ကြီးချုပ် ပါပန် ဒရေယိုက ဂရိ ပြည်သူတွေ အနေနဲ့ စီးပွားရေး အရ ခြိုးခြံ ချွေတာမှု ဆိုင်ရာ အစီအစဉ် အပေါ် သဘောထားတွေကို ပြောခွင့် ရသွားကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။

သူ့ ပါတီက အမတ် တစ်ယောက်ကတော့ ကန့်ကွက်တဲ့ အနေနဲ့ နှုတ်ထွက်သွားခဲ့ပါတယ်။

အတိုက်အခံ ပါတီ အဖွဲ့တွေက ဂရိ ဝန်ကြီးချုပ် ပါပန်ဒရေယို ဟာ အန္တရာယ်များတဲ့ လုပ်ရပ် မျိုးလုပ်နေတယ်လို့ စွပ်စွဲ ပြောဆိုလိုက်ပြီး ရွေးကောက်ပွဲ အချိန်စော ခေါ်ယူ ကျင်းပပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပရေးဟာ နိုင်ငံတဝှမ်းလုံးနဲ့ ဆိုင်တဲ့ လိုအပ်ချက် ဖြစ်တယ်၊ ဂရိနိုင်ငံကို EU အဖွဲ့ဝင်နိုင်ငံ အဖြစ်ကို လက်လွှတ် ဆုံးရှုံးရမဲ့ အန္တရာယ်မျိုး ဖြစ်ရောက် မစ္စတာ ပါပန်ဒရေယို ကလုပ်နေတယ်လို့ အတိုက်အခံ ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင် က ပြောပါတယ်။

ဂရိနိုင်ငံမှာ ကြိုတင် သဘောထား ကောက်ယူမှုတွေအရ အများစုက ဥရောပရဲ့ အကူအညီ ပေးရေး စီမံကိန်းကို မထောက်ခံကြဘူးလို့ သိရပါတယ်။

အစိုးရ ဝန်ထမ်း ကဏ္ဍတွေမှာ လုပ်ခငွေတွေ လျှော့ချတာ၊ အခွန်ငွေတွေ တိုးကောက်တာ၊ ပင်စင်လစာတွေ လျှော့ပစ်တာမျိုးတွေ အပါအဝင် လုပ်ဆောင်ချက် တွေက တဆင့် ဂရိ နိုင်ငံရဲ့ ကြွေးမြီတွေကို ယူရိုငွေ ဘီလျံ ၁၀၀လောက် လျှော့ချပေးဖို့ ရေးဆွဲထားတဲ့ အဲဒီ အကူအညီပေးရေး စီမံကိန်းကို ဂရိ ပြည်သူတွေရဲ့ သဘောထား အလို ဆန္ဒအရသာ ရှေ့တိုးဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ် ပါပန်ဒရေယို က ပြောထားပြီး ဖြစ်ပါတယ်။

အခု ဒီ လူထု စစ်တမ်းကောက်ယူမှုတွေကြောင့် ဂရိနိုင်ငံအနေနဲ့ ယူရိုငွေကို စွန့်သင့် မစွန့်သင့် ဆိုတာအပေါ် ထိခိုက်မှုတွေ ရှိလာလိမ့်မယ်လို့လည်း အကဲခတ်တွေက ပြောနေပါတယ်။

ဒါ့အပြင် လူထု စစ်တမ်းကောက်ယူမှုတွေကို Januarary လ မတိုင်ခင် ကျင်းပနိုင်ဦးမှာ မဟုတ်တဲ့အတွက် ဥရောပ စျေးကွက်မှာ မတည်မငြိမ်မှုတွေ လနဲ့ကြာ ဖြစ်နေမယ် ဆိုတဲ့ စိုးရိမ်မှုတွေလည်း ပေါ်ထွက်လာနေပါတယ်။