EUအကူအညီ လူထုဆန္ဒ ခံယူ စဉ်းစားမယ်လို့ ဂရိ ဆုံးဖြတ်

  • 2 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption ဂရိ ဝန်ကြီးချုပ် George Papandreou

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သဘောတူညီခဲ့ကြတဲ့ ဥရောပ သမဂ္ဂရဲ့ ကယ်ဆယ် ထောက်ပံ့ရေး အကူအညီ အပေါ် လက်ခံသင့် မသင့် ဆိုတာနဲ့ ပတ်သက်လို့ လူထုဆန္ဒခံယူမယ် ဆိုတဲ့ ဂရိဝန်ကြီးချုပ် George Papandreou ရဲ့ ဆုံးဖြတ်ချက်ကြောင့် နိုင်ငံတကာက ခေါင်းဆောင် တွေနဲ့ ငွေကြေးစျေးကွက်က အံအားတသင့် ဖြစ်ခဲ့ကြပြီး ဥရောပနဲ့New York မြို့က ရှယ်ယာစျေးတွေ သိသိသာသာ ကျဆင်း သွားခဲ့ပါတယ်။

နိုင်ငံမှာ အရေးပါတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်တဲ့အခါ လူထုက သူ့ဖက်က ပါလာအောင် ရည်ရွယ် ဆောင်ရွက်တာပါလို့ ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲ့လ်ကို တယ်လီဖုန်း ပေါ်ကနေ ဂရိဝန်ကြီးချုပ် မစ္စတာ ပါပန်ဒရီယိုက ဖြေရှင်းချက် ပေးခဲ့ပါတယ်။

ဒီ လူထုဆန္ဒခံယူဖို့ ကိစ္စနဲ့ ပတ်သက်လို့ ဂရိ အစိုးရ အဖွဲ့ထဲမှာလည်း ဝန်ကြီး အများအပြား က အံအားသင့်ခဲ့ကြပြီး အရေးပေါ် အစည်းအဝေး ခေါ်ယူကာ ညဉ့်နက်ပိုင်းအထိ ဆွေးနွေး နေကြပါတယ်။

ဂရိ ဝန်ကြီးချုပ် ဆီကနေ ဖြေရှင်းချက်တွေ နားထောင်ဖို့ အရေးပေါ် အစည်းအဝေး ဗုဒ္ဓဟူးနေ့မှာ ကျင်းပမယ် အဲဒီ အစည်းအဝေးမှာ မစ္စက် မာခဲလ်လည်း တက်ရောက် လိမ့်မယ်လို့ ပြင်သစ် သမ္မတ ဆာကိုဇီက ပြောပါတယ်။

ဂရိနိုင်ငံမှာတော့ မစ္စတာ ပါပန်ဒရီယိုရဲ့ ပါတီဝင် လွှတ်တော်အမတ် တယောက်က ဆန္ဒပြ နှုတ်ထွက်သွားပြီး ထိပ်တန်း ပါတီ ခေါင်းဆောင်တွေက မစ္စတာ ပါပန်ဒရီယို နှုတ်ထွက် ပေးဖို့ တောင်းဆို နေကြပါတယ်။

တဆက်တည်း ဆိုသလို ဂရိနိုင်ငံက လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အကြီးအကဲ အားလုံးကို ဖယ်ရှားလိုက်ပြီး အသစ်တွေနဲ့ အစားထိုးလိုက်ပြီလို့ ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

ကြည်း ၊ ရေး ၊ လေ တပ်ဦးစီးချုပ် ရာထူးတွေမှာ အသစ်တွေ အစားထိုး ခန့်အပ်လိုက်ပြီး တိုင်းပြည်ရဲ့ လုံခြုံရေးကောင်စီကို ဝန်ကြီးချုပ် ဂျော့ချ် ပါပန်ဒရီယိုရဲ့ လက်အောက်မှာ ထား အုပ်ချုပ်သွားမယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

ဒီရာထူး အပြောင်းအလဲတွေကို ပြီးခဲ့တဲ့ သီတင်းပတ်ပေါင်း များစွာကတည်းက စီစဉ်ခဲ့တာပါလို့ ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။