မဂ္ဂဇင်းတိုက်ကို တိုက်ခိုက်မှု ပြင်သစ် ရှုတ်ချ

  • 2 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပဲရစ်မြို့ ရှာလီဟတ်ဘ်ဒို မဂ္ဂဇင်းတိုက် ရှေ့မှာ မီးရှို့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်

သရော်စာတွေရေးတဲ့ ပြင်သစ်နိုင်ငံထုတ် ရှာလီဟတ်ဘ်ဒို မဂ္ဂဇင်းရဲ့ ရှေ့မျက်နှာဖုံးမှာ တမန်တော် မိုဟာမက် ကာတွန်းပုံကို ဖေါ်ပြခဲ့တဲ့ အတွက် အဲဒီ မဂ္ဂဇင်းရဲ့ ပဲရစ်မြို့ ရုံးတွေရှေ့မှာ မီးရှို့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ အပေါ် ပြင်သစ်ဝန်ကြီးချုပ် ဖရန့်ဆွာ ဖီယွန်းက ပြစ်တင် ရှုတ်ချလိုက် ပါတယ်။

လွတ်လပ်စွာ ဖေါ်ပြနိုင်ခွင့်ဟာ ပြင်သစ် ဒီမိုကရေစီမှာ ထာဝရ တည်ရှိနေမယ့် အခွင့် အရေး တခု ဖြစ်တယ်၊ အခုလို အကြမ်းဖက် လုပ်ရပ်ကတော့ တရားမဲ့ လုပ်ရပ် ဖြစ်တယ် ဆိုပြီး မစ္စတာဖီယွန်းက ကြေညာချက် တစောင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မဂ္ဂဇင်းအယ်ဒီတာချုပ် ကလည်း လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်ကနေ၊ အစ္စလာမ် ဘာသာကို ဘေးဖယ် ထားလို့ မရဘူးဆိုပြီး ပြောပါတယ်။

အထူးထုတ်အနေနဲ့ ထုတ်ဝေခဲ့တဲ့ ဒီတပတ်မှာ တမန်တော် မိုဟာမက်ကို ဧည့်သည် အယ်ဒီတာ အဖြစ် ဖေါ်ပြထားတာ ဖြစ်ပါတယ်။

နောက်ပြီး အစ္စလာမ် ဘာသာရဲ့ ရှာရီယာ ဥပဒေကို လှောင်ပြောင်ထားပြီး၊ မကြာသေးခင်က တူနီးရှားနဲ့ လစ်ဗျား နိုင်ငံတို့မှာ အစ္စလာမ် ဘာသာဝင်တွေရဲ့ အောင်မြင်မှုကိုလည်း ဖေါ်ပြ ထားပါတယ်။