ဂရိကို ပိုက်ဆံ ပေးဖို့ အီးစီဘီ ဆိုင်းငံ့

  • 3 နိုဝင်ဘာ 2011
greece ဓာတ်ပုံ မူပိုင် BBC World Service
Image caption ခြိုးခြံ ချွေတာရေး အစီအမံတွေကို ဂရိမှာ အကြီး အကျယ် ကန့်ကွက်နေ

ဂရိက ခြိုးခြံ ချွေတာရေး အစီအမံနဲ့ ပတ်သက်ပြီး ဆန္ဒ ခံယူပွဲ ခေါ်မယ်လို့ ကြေညာ ပြီးနောက် အီးစီဘီက ဂရိကို ကယ်ဆယ်ရေး အထောက်အပံ့ ပိုက်ဆံ ဆက်မပေးဘဲ ဆိုင်းငံ့ လိုက်ပါတယ်။

ဂရိကို ပေးဖို့ စီစဉ်ထားတဲ့ ယူရို သန်းရှစ် ထောင်ကို ဆန္ဒ ခံယူပွဲ ပြီးချိန်ထိ ဆိုင်းငံထားမှာ ဖြစ်ပါတယ်။

ဂရိက ဆန္ဒ ခံယူပွဲကို ဒီဇင်ဘာ ပထမပတ်မှာ ခေါ်မှာ ဖြစ်ပါတယ်။

ဂရိဟာ ယူရိုဇုံထဲ ဆက်နေချင်စိတ် ရှိမရှိ ဒီဆန္ဒ ခံယူပွဲကိုကြည့် ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ဂျာမန် ဝန်ကြီးချုပ် အင်ဂလာ မာကဲက ပြောပါတယ်။

ဂရိ ဝန်ကြီးချုပ် ပါပင်ဒရိုကတော့ ဂရိ ပြည်သူတွေဟာ ဆန္ဒ ခံယူပွဲမှာ သူတို့ရဲ့ ရင့်ကျက်မှုကို ပြလိမ့်မယ်လို့ ဆိုပါတယ်။

နောက်ပြီး ခုဆန္ဒ ခံယူပွဲမှာ ခြိုးခြံ ချွေတာရေး အစီအမံတွေကို ထောက်ခံ မခံကိုသာ မေးမှာ ဖြစ်ပြီး ဂရိဟာ ယူရိုဇုံထဲ ဆက်နေချင် မနေချင်ကို မေးတာ မဟုတ်ဖူးလို့ ပြောပါတယ်။

ဒါပေမယ့် ဆန္ဒ ခံယူပွဲမှာ ဂရိ ပြည်သူတွေက ခြိုးခြံ ချွေတာရေး အစီအမံတွေကို လက်မခံ ဘူးလို့ ဆုံးဖြတ်လိုက်ရင် ဂရိဟာ ယူရိုဇုံထဲက ထွက်ရတဲ့ထိ ဖြစ်သွားနိုင်ပြီး ဂရိ ကနေ ဘဏ္ဍာရေး ကမောက်ကမတွေဟာ တခြား နိုင်ငံတွေကိုပါ ပြန့်သွားမှာကို စိုးရိမ်နေပါတယ်။

ဂရိကို ပေးဖို့ ရှိတဲ့ ယူရို သန်းရှစ်ထောင်ကို ဒီလလယ်မှာ ပေးရမှာ ဖြစ်ပြီး ဒီပိုက်ဆံ မရခင် ကတည်းကကို ဂရိဟာ ပိုက်ဆံ ပြတ်သွားနိုင်တဲ့ အနေအထားနဲ့ ရင်ဆိုင် နေရပါတယ်။

တဘက်မှာ အီတလီ အစိုးရက ဥရောပ ဗဟိုဘဏ်ကို ကတိ ပြုထားတဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို မြန်မြန် ဆန်ဆန် ဖော်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ အရေးပေါ် အစည်းအဝေး တခု ခေါ်ထားပါတယ်။

အီတလီဟာ သူ့ရဲ့ ဘဏ္ဍာရေး အခြေအနေကို ထိန်းနိုင်တယ်ဆိုတာ ပြသဖို့ ဖိအားပေး ခံနေရပြီး ဖွံ့ဖြိုးမှု တန့်နေတဲ့ စီးပွားရေးကို အားသစ်လောင်းမယ့် အစီအစဉ်တွေ လုပ်ဖို့ ဥရောပ ဗဟိုဘဏ်က တောင်းဆိုထားပါတယ်။

ခုအစိုးရ အဖွဲ့ စည်းဝေးပွဲမှာ ဆွေးနွေးမယ့် အကြောင်းအရာ တခုက တချို့ ပြုပြင် ပြောင်းလဲ မှုတွေကို အစိုးရ အဖွဲ့ အမိန့် အာဏာနဲ့ ဖော်ဆောင်နိုင်အောင် ဘယ်လို လုပ်မလဲ ဆိုတဲ့ အချက် ဖြစ်တယ်လို့ အီတလီ အစိုးရ ပြောခွင့်ရ တာဝန်ခံက ပြောပါတယ်။

ဝန်ကြီးချုပ် ဘာလူစကိုနီရဲ့ အဓိပ္ပါယ် ရှိတဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်နိုင်စွမ်းကို ဘဏ္ဍာရေး စျေးကွက်က သံသယ ရှိပေမယ့် အီတလီ ဝန်ကြီးချုပ်က ဒီတခါမှာတော့ ပြတ်ပြတ်သားသား လုပ်မယ့်ပုံ ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က သတင်း ပေးပို့ ထားပါတယ်။