Saif al-Islam ကို အိုင်စီစီက အလိုရှိနေ

  • 3 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption အိုင်စီစီ ရှေ့နေချုပ် Luis Moreno Ocampo

လစ်ဗျားမှာ ဗိုလ်မှူးကြီး ကဒါဖီရဲ့သား Saif al-Islam ကို ကြေးစားစစ်သား တစုက နိုင်ငံထဲကနေ ကူညီကယ်ထုတ် နိုင်အောင် ကြိုးစားနေတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ နိုင်ငံတကာ ရာဇဝတ် တရားရုံး အိုင်စီစီ ရှေ့နေချုပ် Luis Moreno Ocampo က ပြောပါတယ်။

ဒီအစီအစဉ်တွေ တကယ် ဖြစ်မလာအောင် နိုင်ငံအားလုံးက ဝိုင်းပြီး ကူညီကြပါလို့ မစ္စတာ အိုကမ်ပိုက ပန်ကြားထားပါတယ်။

ကဒါဖီသား ဆေ့ဖယ်လ် အစ္စလာမ် ဘယ်မှာလဲ ဆိုတာ ဘယ်သူမှ မသိကြဘဲ လစ်ဗျား လူထု အုံကြွမှု အစပိုင်းမှာ လူသားတွေ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ သူ့ကို အိုင်စီစီက အလိုရှိနေတာ ဖြစ်ပါတယ်။

ကဒါဖီ တပ်ဖွဲ့တွေက အစုလိုက် အပြုံလိုက် အဓမ္မ ပြုကျင့်မှုတွေ ကျူးလွန်ခဲ့တဲ့ အထောက်အထား တွေကို စုံစမ်းသလို အရင် သူပုန်တွေနဲ့ နေတိုး တပ်ဖွဲ့တွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သလား ဆိုတာကိုလည်း စစ်ဆေး နေတယ်လို့ မစ္စတာ အိုကမ်ပိုက ပြောပါတယ်။