ဂရိ နဲ့ ယူရိုဇုန် အရေး

  • 3 နိုဝင်ဘာ 2011
Greek PM ဓာတ်ပုံ မူပိုင် BBC World Service
Image caption အခက်အခဲ ကြုံ နေရတဲ့ ဂရိ ဝန်ကြီးချုပ်

ဂရိ ဝန်ကြီးချုပ် ဂျော့ ပါပန် ဒရီရို ဟာ အစိုးရ အထူး အစည်းအဝေး ခေါ်ခဲ့ပေမဲ့ လည်း အစိုးရ ရှေ့ဘယ်လို ဆက်သွားမလဲ ဆိုတာ ကို ရေရေရာရာ မဆုံးဖြတ် နိုင်ကြ သေး ပါဘူး။

ဝန်ကြီးချုပ် ပါပန် ဒရီရို ဟာ လက်ရှိ ရာထူး က နှုတ်ထွက်ပြီး ကြားဖြတ် အစိုးရ လက်ထဲ ကို အာဏာလွှဲ လိမ့်မယ် လို့ လူတွေက မှန်းဆ နေကြကြောင်း အေသင်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

နိုင်ငံ အနေနဲ့ ယူရို ဇုံ ကယ်တင်ရေး ချေးငွေ အကူအညီ တွေ ကို လက်ခံ၊ မခံ လူထု ဆန္ဒခံယူပွဲ လုပ်မယ် လို့ ဝန်ကြီးချုပ် က ချပြ ခဲ့ပြီး တဲ့နောက် အဲဒီ အစီအစဉ် ကို အစိုးရ ဝန်ကြီး ၄ ဦးနဲ့ ပါလီမန် အမတ် အတော်များများ က ကန့်ကွက် ခဲ့ပါတယ်။

အတိုက်အခံ ပါတီ ခေါင်းဆောင် Antonis Samaras က ကြားဖြတ် အစိုးရ ဖွဲ့ပြီး ရွေးကောက်ပွဲ သစ် အမြန်ခေါ်ဖို့ တောင်းဆို ထားပါတယ်။

ဂရိ အခြေအနေ ကို ယူရိုဇုံ အတွင်း က နိုင်ငံ တွေကကော ကမ္ဘာ့နိုင်ငံ တွေက ပါ စောင့်ကြည့် နေကြပါတယ်။

ကမ္ဘာ့စီးပွားရေး ကို အကြီးမားဆုံး ခြိမ်းခြောက် နေတဲ့ လို့ သတ်မှတ်နေကြတဲ့ အဲဒီ ယူရို ဇုံ အတွင်းက စီးပွားရေး အကြပ်အတည်း ကိစ္စ ဟာ လည်း ကြာသပတေးနေ့ က စတင် ကျင်းပ လိုက်တဲ့ G 20 ညီလာခံ ကို လွှမ်းမိုး နေပါတယ်။

ဂရိ အနေနဲ့ ယူရို ဇုံထဲ မှာ ဆက်နေဖို့ လိုတယ်၊ ဘဏ္ဍာရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲရေး တွေ လုပ်ရမယ် ၊ ဒီ ၂ ချက် ကို မလိုက်နာ ဖူးဆိုရင်တော့ သူတို့ အနေနဲ့ အကြွေး တွေ ပြန်ပေး ဖို့ အကူ အညီ ပေးတဲ့ ရန်ပုံငွေ တွေ ရမှာ မဟုတ် ဘူး လို့ ပြင်သစ် နဲ့ ဂျာမဏီ နိုင်ငံ တွေ ရဲ့ ခေါင်းဆောင် တွေ က အစည်းအဝေး မတိုင်မီ ကလေး က ပြောခဲ့ ပါတယ်။

တရုတ် က လည်း သူတို့ ဘက်က အဲဒီ ရန်ပုံငွေထဲ ရင်းနှီး ထည့်ဝင်မယ် ဆိုတဲ့ ကိစ္စ ကို ဂရိ ဘာလုပ်မယ်မှန်း မသိတဲ့ အချိန် မှာ ဆုံးဖြတ်ချက် ချ နိုင်မှာ မဟုတ်ဘူး လို့ ပြော ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာ နေ့ က အထိ တရုတ် က သူတို့ ယူရို ဇုံ အရေး ကိစ္စမှာ တက်တက်ကြွကြွ ကူညီမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။