ရွေးကောက်ပွဲ တနှစ်အကြာ လူ့အခွင့်အရေးချိုးဖေါက်မှု ဆိုးရွားနေဆဲ

  • 4 နိုဝင်ဘာ 2011

မြန်မာနိုင်ငံမှာ ၂၀၁၀ နိုဝင်ဘာလက ရွေးကောက်ပွဲကျင်းပခဲ့တာ အခု တနှစ် ကြာခဲ့ပြီဖြစ်ပေမဲ့ ရှိနေဆဲဖြစ်တဲ့ ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖေါက်မှုတွေရှိနေတာကို အစိုးရရဲ့ အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေကြောင့် ဖုံးကွယ်မသွားသင့်ဘူးလို့ Human Right Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က နိုဝင်ဘာလ ၃ ရက်နေ့စွဲနဲ့ ထုတ်တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

အစိုးရသစ်က ပြုပြင်ပြောင်းလဲတဲ့ ဥပဒေတွေ အတည်ပြုတာ၊ မူဝါဒ အပြောင်အလဲ လုပ်မယ်ဆိုပြီး ဂတိပေးထားတာတွေ ရှိပေမဲ့ တကယ်ဟုတ်မဟုတ်ဆိုတာကို မြန်မာပြည်သူတွေ ကိုယ်အခွင့်အရေးကို ကိုယ်ရဖို့ ကြိုးစားတဲ့အခါ အစိုးရက ဘယ်လို့ တုံ့ပြန်သလဲဆိုတာကို ကြည့်ပြီးမှ သိရမှာဖြစ်တယ်လို့ Human Right Watch ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူးက ပြောပါတယ်။

နာမည်ခံ အရပ်သားအုပ်ချုပ်မှု ပထမနှစ်တွင်း ပြုပြင်ပြောင်းလဲရေးတွေ အများကြီးကြေညာခဲ့သလို ပြည်တွင်စစ်ဖြစ်နေတဲ့ နေရာတွေမှာ အရပ်သားတွေအပေါ် ရက်စက်မှုတွေ နိုင်ငံရေးအကျဉ်းသားတွေကို ညှင်းပန်းမှုတွေနဲ့ မတရားဖိနှိပ်မှုတွေကို တရားရုံးတွေက အကာအကွယ်ပေးနေဆဲဘဲလို့ သူကပြောဆိုခဲ့ပါတယ်။