အမျိုးသမီးတွေဖက်က ရပ်တည်ပေးတဲ့ လူငယ်၂ယောက် အသတ်ခံရ

  • 4 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် g
Image caption Facebook ပေါ်မှာ ထောက်ခံသူ သိန်းချီရ

မနေ့က ကြာသပတေးနေ့တုန်းက အိန္ဒိယ နိုင်ငံ မန်ဘိုင်းမြို့မှာ လူငယ် နှစ်ယောက်ကို သတ်မှုနဲ့ လူလေးယောက်ကို ရုံးတော်မှာ ကြားနာ စစ်ဆေးခဲ့ပါတယ်။

အမှုကတော့ လူမြင်ကွင်းမှာ သူတို့ မိတ်ဆွေ အမျိုးသမီးနှစ်ယောက်ကို ရိုင်းစိုင်းစွာ စော်ကားတဲ့ အတွက် မခံနိုင်တဲ့ အဲဒီလူငယ် နှစ်ယောက်က ဝင်ကာကွယ်ရာက လူသတ်မှု ဖြစ်ပွားခဲ့တာပါ။

လွန်ခဲ့တဲ့ နှစ်ပတ်တုန်းက မန်ဘိုင်းမြို့က စားသောက်ဆိုင်ထဲက ထွက်လာတဲ့ အမျိုးသား တစုဟာ အပြင်မှာရှိတဲ့ သူတို့မိတ်ဆွေ အမျိုးသမီးတချို့ကို ညစ်ညမ်း ရိုင်းပျစွာ ပြောဆို ခဲ့တာကြောင့် Keenan Santos နဲ့ Ruben Fernandes တို့က ဝင်ရောက် ကာကွယ်ပေးခဲ့ပြီး ဒီအမျိုးသားတစုလည်း ထွက်ခွာသွား ပါတယ်။

နောက်မကြာခင်မှာ အဲဒီလူတွေပြန်ရောက်လာပြီး သူတို့ကို ထိုးကြိတ်ခဲ့တာကြောင့် ဆန်တိုးစ်နဲ့ ဖာနန်ဒက်စ်တို့ သေဆုံးသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ကို လူမှုဆက်သွယ်ရေး ကွန်ယက် Facebook ပေါ်က လှုပ်ရှားတဲ့ အဖွဲ့တဖွဲ့က အမှန်တရားကို ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပြီး သူတို့ကို ထောက်ခံသူတွေ သိန်းနဲ့ချီပြီး ရခဲ့ပါတယ်။

သေဆုံးသွားသူ နှစ်ယောက်ထဲက တယောက်ရဲ့ ဖခင်ကတော့ လူမြင်ကွင်းမှာ အမျိုးသမီးတွေ စော်ကားခံနေရတာကို ကာကွယ်ရင်း သေဆုံးသွားရတဲ့ သူတို့သားအတွက် ဂုဏ်ယူပြီး တခြားအမျိုးသားတွေကို အဲဒီလို အကာအကွယ် ပေးကြပါလို့ မေတ္တာရပ်ခံ ထားပါတယ်။