ဂရိအကျပ်အတည်းအတွက် ဆက်လက်ဆွေးနွေး

  • 4 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption ဂရိဟာ ယူရိုဇုန်ကနေ ထွက်ခွာဖို့ အခြေအနေ ရှိနေတယ်လို့လည်း မစ္စတာ ဘာရိုဆိုကပြော

ဂရိနိုင်ငံ အနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရတရပ်ကို ဖွဲ့စည်းပြီး ယူရိုငွေကြေး သုံး နိုင်ငံတွေထဲမှာ ဆက်ရှိနေဖို့ မျှော်လင့် ကြောင်း ဥရောပကော်မရှင်ဥက္ကဌ ဂျိုဆေး မန်နျူရယ် ဘာရိုဆိုက ပြောကြား လိုက်ပါ တယ်။

ဒါပေမယ့်လည်း ဘီဘီစီနဲ့ ပြောကြားရာမှာတော့ မစ္စတာ ဘာရိုဆိုက ဂရိဟာ ယူရိုဇုန် ကနေ ထွက်ခွာဖို့ အခြေအနေတွေလည်း ရှိနေတယ်လို့ ဝန်ခံ ပြောကြားပါတယ်။

ကြာသပတေးနေ့ကလည်း ပြင်သစ်သမ္မတ နီကိုးလက်စ် ဆာကိုဇီက ယူရိုငွေ ပျက်သုဉ်းခဲ့မယ် ဆိုရင် ဥရောပ စီးပွားရေးလည်း ပျက်စီးသွားလိမ့်မယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ ကန်းမြို့မှာ ကျင်းပနေတဲ့ G20 အစည်းအဝေး ဒုတိယမြောက်ဖြစ်တဲ့ သောကြာနေ့မှာတော့ ခေါင်းဆောင်တွေဟာ ယူရိုဇုန် အကျပ်အတည်း ထွက်ပေါက်ရရေး အတွက် နည်းလမ်းတွေကို ရှာဖွေနေကြပါတယ်။

ဆန္ဒခံယူမယ့် အစီအစဉ် ဖျက်ပြီ

ဓာတ်ပုံ မူပိုင် b
Image caption အတိုက်အခံတွေက မစ္စတာပါပန်ဒီယို နှုတ်ထွက် ပေးဖို့ တောင်းဆိုထားပါတယ်

ဂရိနိုင်ငံမှာတော့ ဥရောပက ကူညီမယ့် အစီ အစဉ်အတွက် ခြိုးခြံ ချွေတာရေး လုပ်မယ့် အစီအစဉ် အပေါ် လူထုဆန္ဒခံယူပွဲ ကျင်းပမယ့် ဆိုတာကို ပယ်ဖျက်လိုက်ပြီ ဖြစ်တယ်လို့ ဂရိ ဘဏ္ဍာရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ဝန်ကြီးချုပ် ဂျော့ ပါပန်ဒီယိုရဲ့ ဆန္ဒခံယူပွဲ လုပ်မယ်ဆိုတဲ့ တနင်္လာနေ့က တင်ပြချက် ကြောင့် အစုရှယ်ယာ စျေးကွက်တွေမှာ ကသောင်းကနင်း ဖြစ်ခဲ့ရပါတယ်။

အကူအညီပေးရေး အစီအစဉ်တခုလုံး ပျက်ပြားတော့မယ့် အနေအထားမျိုး ဖြစ်ခဲ့ရတာ ကြောင့် ဥရောပ ခေါင်းဆောင်တွေကလည်း အမျက်ထွက်ခဲ့ကြပါတယ်။

အတိုက်အခံတွေကတော့ မစ္စတာ ပါပန်ဒီယို နှုတ်ထွက်ပေးပြီး ချက်ခြင်းဆိုသလို ရွေးကောက်ပွဲ ကျင်းပဖို့ တောင်းဆိုထားပါတယ်။

သောကြာနေ့ နှောင်းပိုင်း တင်သွင်းဖို့ရှိတဲ့ အယုံအကြည်မရှိအဆို အတွက် ဝန်ကြီးချုပ် ဂျော့ပါပန်ဒီယို အနေနဲ့ ထောက်ခံမဲ အလုံအလောက်ရဖို့ လိုအပ်နေပါတယ်။