ဘနာဇီရာဘူတိုကို သတ်ဖြတ်မှုနဲ့ လူ ၇ ဦးကို စွဲချက်တင်

  • 5 နိုဝင်ဘာ 2011
Image caption ရွေးကောက်ပွဲ စည်းရုံးရေး တရားဟော အပြီး မစ်ဘူတို လုပ်ကြံခံလိုက်ရတာပါ

ပါကစ္စတန်နိုင်ငံမှာ တာလီဘန် ၅ ဦးနဲ့ ထိပ်တန်း ရဲအရာရှိ ၂ ဦးကို ၂၀၀၇ ခုနှစ် တုန်းက ဝန်ကြီးချုပ်ဟောင်း ဘနာဇီရာ ဘူတိုကို လုပ်ကြံ သတ်ဖြတ်ခဲ့မှုနဲ့ လုံခြုံရေး ဆိုင်ရာ တရားရုံး တခုက စွဲချက်တင်လိုက် ပါတယ်။

မစ်ဘူတိုဟာ ရာဝဲလ်ပင်ဒီ မြို့မှာ ရွေးကောက်ပွဲ စည်းရုံးရေး တရားဟောပြီးနောက်၊ ဗုံးခွဲပြီး သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် သေဆုံးသွားခဲ့တာပါ။

တရားစွဲ ခံထားရသူ တဦးဖြစ်တဲ့ ဆော့အာဇစ် ဆိုသူဟာ အဲဒီအချိန်တုန်းက ရာဝဲလ်ပင်ဒီမြို့ ရဲမှူးကြီး ဖြစ်ပါတယ်။

နောက်ပြီးသူဟာ မစ်ဘူတိုကို လုံခြုံရေးပေးဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီးလည်း စွပ်စွဲခံထား ရတာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက မစ်ဘူတိုဟာ သမ္မတ ပါဗက် မူရှာရက်ဖ်ကို ယှဉ်ပြိုင် အရွေးခံဖို့ အတွက် စည်းရုံးလုပ်ဆောင် နေခဲ့တာ ဖြစ်ပါတယ်။

အခုစွဲချက်တင်ခံထားရသူ ၇ ဦးစလုံးက စွပ်စွဲချက်တွေ အပေါ် မဟုတ်မှန်ကြောင်း ငြင်းဆို ထားပါတယ်။