ဆီးရီးယား ဆန္ဒပြမှု အနည်းဆုံး ၁၃ ယောက်သေ

  • 5 နိုဝင်ဘာ 2011
Syria ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား ဆန္ဒပြမှု တရက်ထဲ ၁၃ ယောက်သေ

ဆီးရီးယား နိုင်ငံမှာ အစိုးရက တင့်ကား တွေ ပြန်ရုပ်သိမ်း ပေးမယ်လို့ ကတိပေး ထားပေမယ့် အကြမ်းဖက် တိုက်ခိုက် မှုတွေ ဆက်ဖြစ်ပွား ခဲ့ပါတယ်။

ဆီးရီးယား အစိုးရနဲ့ အာရပ် အဖွဲ့ချုပ်တို့ ဆီးရီးယား နိုင်ငံထဲက ဆန္ဒပြမှုတွေကို အစိုးရ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး သဘောတူညီမှု ရပြီလို့ ကြေညာပြီး နှစ်ရက် မပြည့်ခင် မနေ့က သောကြာနေ့မှာ ပလီတက်ပြီး နောက် လမ်းပေါ် ထွက် ဆန္ဒပြသူတွေကို စစ်တပ်ရဲ့ ပစ်ခတ်မှု ကြောင့် အနည်းဆုံး လူဆယ့်သုံးယောက် သေဆုံးတယ်လို့ အတိုက်အခံ တက်ကြွ လှုပ်ရှား သူတွေက ပြောပါတယ်။

တချိန်ထဲမှာ ဆီးရီးယား စစ်တပ်ကနေ ဆန္ဒ ပြသူတွေနဲ့ လာပူးပေါင်း သူတွေကို ကိုယ်စား ပြုသူလို့ ပြောတဲ့ စစ်တပ် အရာရှိဟောင်း တယောက်က သူတို့ဘက်ကလည်း အစိုးရ တပ်တွေကို တိုက်ခိုက်တာတွေ ရပ်မယ်လို့ ပြောပြီး အတိုက်အခံတွေနဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ တောင်းဆို လိုက်ပါတယ်။

ဆီးရီးယား အစိုးရကတော့ လက်နက်တွေ အပ်ရင် လွတ်ငြိမ်း ချမ်းသာခွင့် ပေးမယ်လို့ ပြောပြီး အစိုးရ ကမ်းလှမ်းချက်ကို လက်ခံဖို့ ဆော်သြ နေပါတယ်။

ဒါပေမယ့် ဒီကမ်းလှမ်းချက်ဟာ ဘာရာဇဝတ်မှုမှ မကျူးလွန်ရသေးသူ အတွက်သာ အကြုံး ဝင်တယ်လို့ ဆိုပါတယ်။