ဂရိ မှာ ညွန့်ပေါင်း အစိုးရဖွဲ့မယ်

  • 6 နိုဝင်ဘာ 2011
george_papandreou ဓာတ်ပုံ မူပိုင် papandreou
Image caption ဂရိ ဝန်ကြီးချုပ် ဂျော့ချ် ပါပန်ဒရေးယူ

အကြွေး တွေကြောင့် ဒုက္ခ တွေ ကြုံနေတဲ့ ဂရိ နိုင်ငံမှာ အမျိုးသား စည်းလုံး ညီညွတ် ရေး အတွက် စကား ပြောကြ ဖို့ နိုင်ငံရေး ပါတီ အားလုံး က ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ နိုင်ဖို့ ဂရိ သမ္မတ ခါရာလာပ်စ် ပါပုလီယပ်စ် က ဆင့်ခေါ် လိုက်တယ် လို့ ဂရိ ကက်ဘိနက် အဖွဲ့က ပြော ပါတယ်။

ဘယ်တော့ တွေ့ဆုံ ကြမလဲ ဆိုတဲ့ အချိန်အတိ အကျတော့ ထွက်မလာ ပေမယ့် တချို့ သတင်း တွေမှာတော့ အစောဆုံး အဖြစ် တနင်္ဂနွေနေ့ မှာပဲ စတင် တွေ့ဆုံ စည်းဝေး ကြမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဂရိ ဝန်ကြီးချုပ် ဂျော့ချ် ပါပန်ဒရေးယူ ကတော့ တိုင်းပြည်ရဲ့ အကြွေး ပြဿနာ တွေ ကို ဖြေရှင်း ရေး အတွက် ညွန့်ပေါင်း အစိုးရ တခု အမြန်ဆုံး ဖွဲ့စည်း နိုင်ရေး အတွက် အတိုက် အခံ ပါတီတွေနဲ့ ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ ဆိုလိုက် ပါတယ်။

အဲဒီ အုပ်ချုပ်ရေး အဖွဲ့သစ် ကနေ ပထမဆုံး လုပ်သွား ရမှာ ကတော့ အီးယူ နဲ့ သဘောတူညီ မှုရယူ ထားခဲ့တဲ့ ချိုးခြံခြွေတာ ရေး အစီအမံတွေ နဲ့ အကူ ရန်ပုံငွေ ကိစ္စတွေ အမြန် အကောင် အထည် ဖော်နိုင်ရေး ဖြစ်ပါတယ်။

အာဏာရ ဆိုရှယ်လစ် တွေဘက်က ဒီ သဘော တူညီချက် တွေကို အမြန် ဖော်ဆောင် လိုနေ ကြ ပါတယ်။ ဒါပေမယ့် အတိုက် အခံ ဗဟို လက်ယာ ယိမ်းသမား တွေကတော့ ရွေးကောက် ပွဲ စောစီးစွာ ကျင်းပရေးနဲ့ ဝန်ကြီးချုပ် ဂျော့ချ် ပါပန်ဒရေးယူ ဝန်ကြီးချုပ် အဖြစ် ဆက်ပြီး မလုပ်ရေး တွေကို တောင်းဆို နေကြပါတယ်။