အီတလီကြွေး အတိုးနှုန်း စံချိန်တင်တက်

  • 8 နိုဝင်ဘာ 2011
Italy Euro ဓာတ်ပုံ မူပိုင် BBC World Service
Image caption ရာထူးက ဆင်းပေးဖို့ ဖိအားပေး ခံနေရတဲ့ အီတလီ ဝန်ကြီးချုပ် ဘာလူ စကိုနီ

အီတလီက နိုင်ငံရေး မရေရာမှုပေါ် စိုးရိမ် မှုတွေ ကြီးထွား လာချိန်မှာ အီတလီ အစိုးရ ငွေချေးတဲ့အခါ ပေးရတဲ့ အတိုး နှုန်းဟာ မနေ့က စံချိန်တင် မြင့်တက် ခဲ့ပါတယ်။

ဆယ်နှစ် သက်တမ်း ရှိတဲ့ အီတလီ အစိုးရ ငွေချေး စာချုပ် အတိုးနှုန်းဟာ မနေ့က ၆.၃၇ ရာခိုင်နှုန်းထိ တက်သွားပါတယ်။

အီတလီဟာ ဥရောပမှာ ဂျီဒီပီ တတိယ အကြီး ဆုံး နိုင်ငံဖြစ်ပြီး ဥရောပ အကြွေး အကျပ်အ တည်းမှာ ဂရိပြီးရင် သူ့အလှည့် ရောက်လာ တော့မယ်လို့ အကဲခပ်တွေက ယူဆ နေပါတယ်။

အီတလီ ဝန်ကြီးချုပ် ဘာလူ စကိုနီ ရာထူးက ဆင်းပေးဖို့ ဖိအားပေး ခံလာရပြီး သူရာထူးက ဆင်းသွားရင် တနည်းတဖုံ ကောင်းလာနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကမ္ဘာ တဝှမ်းက အစု ရှယ်ယာ စျေးကွက်တွေမှာ ရှယ်ယာစျေးတွေ တက်တာ တွေ့ရပါတယ်။

တဘက်မှာ အီတလီ အစိုးရ ပေးရတဲ့ အတိုးနှုန်း မြင့်တက် လာတာဟာ အီတလီ အနေနဲ့ သူတင်ရှိနေတဲ့ အကြွေးတွေကို ပြန်ဆပ်နိုင်မှာ မဟုတ်တာကို ပြနေပါတယ်။

ဒါပေမယ့် အကောင်း မြင်လို့ ရနိုင်တဲ့ အချက် တခုက အီတလီနဲ့ ပတ်သက်ပြီး စိုးရိမ်နေ တာဟာ လတ်တလော စီးပွားရေးထက် အီတလီ အစိုးရ အဖွဲ့ထဲ မရေရာ မှုတွေ ကြောင့်လို့ စီးပွားရေး အကဲခပ်တွေက ပြောပြီး ဘာလူ စကိုနီရဲ့ နိုင်ငံရေး နိဂုံးကို မြင်ရတော့မယ်လို့ ထင်မြင်ချက် ပေးနေပါတယ်။

အီတလီကို အာရုံ စိုက်နေချိန်မှာ ဂရိမှာ ဝန်ကြီးချုပ် ပါပင်ဒရိုက ရာထူးက ဆင်းပေးဖို့ သဘော တူခဲ့ပါတယ်။

လောလောဆယ် အီးယူက ဂရိကို ပေးမယ်လို့ ကတိ ခံထားတဲ့ ပိုက်ဆံတွေကို ဆိုင်းငံ့ထား ပေမယ့် ခုနောက်ဆုံး ဂရိ ဝန်ကြီးချုပ်နဲ့ အတိုက် အခံတွေ ကြားမှာ ညွန့်ပေါင်း အစိုးရ ဖွဲ့ဖို့ သဘော တူညီချက် ရပြီးနောက် အီးယူဆီက ပိုက်ဆံ ပြန်ရဖို့ လမ်းပြန် ပွင့်လာ ပါတယ်။