ယူရို အကျပ်အတည်း အီတလီ အစိုးရ အကျပ်ရိုက်

  • 10 နိုဝင်ဘာ 2011
Berlusconi ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘာလူစကိုနီ ရာထူးက ဆင်းပေးဖို့ ကတိပြုခဲ့ရ

ဘဏ္ဍာရေး စျေးကွက်မှာ ကမောက်ကမ မဖြစ်အောင် အီတလီ အစိုးရက ဘဏ္ဍာရေး တည်ငြိမ်ရေး ဆိုင်ရာ ဥပဒေသစ်ကိုရက် ပိုင်း အတွင်း ထုတ်ပြန်ပြီး ဘာလူ စကို နီလည်း ရာထူးက ဆင်းမယ်လို့ အီတလီ သမ္မတ နပိုလီတားနိုက ပြောလိုက်ပါတယ်။

ယူရိုဇုံက အစိုးရတွေရဲ့ အကြွေး အကျပ် အတည်းဟာ ကြီးလွန်းတဲ့ အတွက် နိုင်ငံရေး အရ ကြီးမား ပြင်းထန်တဲ့ သက်ရောက်မှုတွေကို စတွေ့ နေရပါပြီ။

အီတလီ အစိုးရရဲ့ အကြွေးတွေ အတွက် ပေးရမယ့် အတိုး နှုန်းဟာ မနေ့က ၇ ရာခိုင်နှုန်း ကျော်ထိ စံချိန်တင် မြင့်တက် ခဲ့ပြီးနောက် အီတလီ အစိုးရဟာ အရေးပေါ် တခုခု လုပ်ဖို့ ပြည်တွင်း မှာရော ပြည်ပကပါ ဝိုင်းဖိအားပေးတာ ခံလာရပါတယ်။

ဒီဖိအားပေးမှုတွေကြောင့်ပဲ မနေ့က ဆိုရင် ဝန်ကြီးချုပ် ဘာလူ စကိုနီက ရာထူးကနှုတ် ထွက်မယ်လို့ ကတိ ပေးခဲ့ရပါတယ်။

သူမထွက်ခင်မှာ ခြိုးခြံ ချွေတာရေး အစီအမံသစ်တွေကို အတည်ပြုသွားမှာ ဖြစ်တယ်လို့ ဘာလူ စကိုနီ ကိုယ်တိုင် ခုရက်ပိုင်း အတွင်း ထုတ်ပြောလာ ရပါတယ်။

ဒါပေမယ့် မနေ့က အီတလီ အစိုးရ ပေးရတဲ့ အတိုးနှုန်း စံချိန်တင် တက်သွားပြီးနောက် ခုနောက်ဆုံး သမ္မတ နပိုလီတားနိုက ဘာလူ စကိုနီ ကတိပေးထားတဲ့ ခြိုးခြံ ချွေတာရေး အစီအစဉ်တွေကို ရက်ပိုင်း အတွင်းမှာကိုပဲ အတည် ပြုပေးမယ်လို့ ပြောလာပါတယ်။

အီတလီ အနေနဲ့ အင်မတန် အန္တရယ် ရှိတဲ့ အနေအထားကနေ ထွက်နိုင်အောင် ချက်ချင်း လုပ်ဆောင်မယ်လို့ အီတလီ သမ္မတက ပြောပါတယ်။

အရင် ဘယ်လိုမှ မဖြစ်နိုင်ဖူးလို့ ယူဆထားတာတွေ၊ အတား အဆီးတွေကို ကျော်လွှားရမယ်၊ ဆုံးဖြတ်ချက်တွေ ချက်ချင်း ချဖို့ လိုတယ်၊ လာမယ့် နှစ်တွေမှာလည်း တာဝန် သိသိနဲ့ တနိုင် ငံလုံး စည်းစည်း လုံးလုံး လုပ်ဆောင် သွားရလိမ့်မယ်လို့ အီတလီ သမ္မတက ပြောပါတယ်။

တဘက်မှာ ဂရိ မှာတော့ အစိုးရသစ် အနေနဲ့ ဂရိ အစိုးရ သဘော တူထားတဲ့ ခြိုးခြံချွေ တာရေး အစီအမံတွေကို တနိုင်ငံလုံး တစည်း တလုံးထဲ ဖော်ဆောင်ဖို့ နိုင်ငံရေး ပါတီတွေ စကား ပြောနေကြပါတယ်။

မကြာခင် ရာထူးက ဆင်းပေးတော့မယ့် ဝန်ကြီးချုပ် ပါပင်ဒရိုက ဂရိ နိုင်ငံ ယူရိုဇုံထဲဆက် ရှိနေဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ပြောပါတယ်။

အစိုးရ ခေါင်းဆောင် နှစ်ယောက် ရက်ပိုင်းအတွင်း ရာထူးက ဆင်းပေးဖို့ ပြောလာရတဲ့ထိ ဖြစ်ခဲ့တာကို ကြည့်ရဂင် ယူရိုဇုံ အကျပ်အတည်း ဘယ်လောက် ကြီးသလဲဆိုတာ မှန်းကြည့် လို့ ရနိုင်တယ်လို့ သတင်းထောက်တွေက မှတ်ချက်ပေးထားကြပါတယ်။