ဂရိဝန်ကြီးချုပ်သစ်နဲ့ ကြွေးမြီအကျပ်အတည်း

  • 11 နိုဝင်ဘာ 2011
Image caption ဂရိဝန်ကြီးချုပ်သစ် Papademos

ဥရောပမှာ အကြွေးပြသနာတက်နေတဲ့ အဓိက နှစ်နိုင်ငံဖြစ်တဲ့ အီတလီနဲ့ ဂရိနိုင်ငံတွေမှာ အခုသိတင်းပတ်အတွင်း နိုင်ငံရေး ဂယက်တွေ ရိုက်ခတ်ခဲ့တာကို တွေ့ခဲ့ကြရပါတယ်။

ဂရိနိုင်ငံမှာ ၄ ရက်ကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီးတဲ့နောက် ဝန်ကြီးချုပ် ဂျော့ ပါပင်ဒရေရဲ့နေရာကို အရင် ဘဏ်လုပ်ငန်းရှင်ဟောင်း Lucas Papademos နဲ့ အစားထိုးလိုက်ပြီလို့ ကြေငြာခဲ့ပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရကို ဦးဆောင်ရမဲ့ မစ္စတာပါပါဒီမိုစ့်ဟာ အသက် ၆၄ နှစ်ရှိပြီး ဥရောပ ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဌဟောင်းဖြစ်ပါတယ်။

ဒီလို သူရဲ့ အရင် လုပ်ငန်းအတွေ့အကြုံကြောင့် ဥရောပခေါင်းဆောင်တွေ ရဲ့ ယုံကြည်မှုကို သူရနိုင်မဲ့ပုံရှိပါတယ်။

ဒါပေမဲ့ လောလောဆယ်ကာလမျိုးမှာ ဘဏ်လုပ်ငန်းရှင်တွေ အပေါ် သိပ်ပြီးကျေနပ်မှုမရှိကြတဲ့ ဂရိနိုင်ငံသားတွေရဲ့ ထောက်ခံမှုကို ရ မရ ဆိုတာကတော့ သိပ်မသေချာလှပါဘူး။

ဂရိနိုင်ငံ ဥရောပသမဂ္ဂဝင်နိုင်ငံဖြစ်လာဖို့ ကြိုးစားရာမှာ မမှန်တဲ့ ကိန်းဂဏန်းတွေ သုံးခဲ့တယ်ဆိုတာကို အဲဒီအချိန်က ဂရိအမျိုးသားဘဏ်ဥက္ကဌအဖြစ်လုပ်နေတဲ့ မစ္စတာ ပါပါဒီမိုစ်အနေနဲ့ သိသင့်တယ်လို့ တချို့က ပြောကြပါတယ်။

ဒါပေမဲ့ မစ္စတာပါပါဒီမိုစ်ကတော့ သူရဲ့ ဦးစားပေးလုပ်ငန်းဟာ ဂရိနိုင်ငံအတွက် နိုင်ငံတကာက ချေးငွေတွေရဖို့အတွက် အောက်တိုဘာ ၂၆ ရက်နေ့က ဥရောပထိပ်သီးညီလာခံမှာ ခေါင်းဆောင်တွေ သဘောတူခဲ့ကြတဲ့ ကယ်ဆယ်ထောက်ပံ့ရေး အစီအစဉ်ကို အကောင်အထည် ဖေါ်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ယူရိုဇုံမှာ ဂရိနိုင်ငံဆက်ပြီးပါနေခြင်းအားဖြင့် နိုင်ငံရဲ့ ဘဏ္ဍာရေးတည်ငြိမ်မှုကို အာမခံမယ်လို့ သူယုံကြည်ကြောင်းပြောပါတယ်။

ကြွေးမြီ ကယ်တင်ရေးအစီအစဉ်အရ ပိုပြီးခြိုးခြံချွေတာဖို့လိုပါတယ်။ ဒါကြောင့် လူမှုရေး မတည်ငြိမ်မှုတွေကို ပိုပြီး အရှိန်မြင့်လာနိုင်ပါတယ်။

မစ္စတာပါပါဒီမိုစ်အနေနဲ့ သူဟာ ညွန့်ပေါင်းအစိုးရကို ဦးဆောင်ရမှာဖြစ်တာကြောင့် တဦးနဲ့တဦး မတည့်ဖြစ်နေကြတဲ့ ဂရိနိုင်ငံရေးသမားတွေကို ညီညွတ်အောင် စုစည်းနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဂရိနိုင်ငံမှာ အစိမ်းသက်သက် အမျိုးသားညီညွတ်ရေး အစိုးရသစ်ဟာ အလွန်ကို ပြင်းထန်တဲ့ ခြိုးခြံချွေတာရေး နည်းလမ်းတခုကို ကျင့်သုံးရတော့မဲ့ အလွန်ဆိုးရွားတဲ့အချိန်ကို ရင်ဆိုင်ရမဲ့ အခြေအနေကိုရောက်နေပါတယ်။

ဒါ့အပြင် တဖြေးဖြေးပိုပြီး ထိခိုက်လွယ်လာနေတဲ့ ယူရိုငွေကြေးဇုံရဲ့ တည်ငြိမ်မှုနဲ့ အကျပ်အတည်းကြုံနေရတဲ့ ဂရိအနာဂတ်ဟာ ဘဏ်လုပ်ငန်းရှင်ဟောင်း မစ္စတာပါပါဒီမိုစ့်ရဲ့ ပုခုံးပေါ် ကျရောက်နေတယ်လို့ ဘီဘီစီသတင်းထောက် Mark Lowen အေသင်မြို့ကနေ သတင်းပေးပို့ထားပါတယ်။