အိန္ဒိယလုပ်ငန်းရှင်တွေ မြန်မာမှာ ရင်းနှီးဖို့ စိတ်ဝင်စား

  • 11 နိုဝင်ဘာ 2011
Image caption ကားစက်ရုံလို အကြီးစားစက်မှုလုပ်ငန်းတွေလုပ်ဖို့ အိန္ဒိယက စိတ်ဝင်စား

အိန္ဒိယ လုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ရင်းနှီး မြှပ်နှံရေး နဲ့ ကုန်သွယ်ရေးတွေ တိုးမြှင့်နိုင်ဖို့အတွက် စူစမ်းလေ့လာ နေကြတယ်လို့ ရန်ကုန် စီးပွားရေးသတင်းရပ်ကွက်အရ သိရပါတယ်။

မနေ့ကစလို့ လေးရက်ကြာ အိန္ဒိယကုန်စည်ပြပွဲကိုလည်း ရန်ကုန်မြို့မှာ ကျင်းပနေပြီး ကုန်သွယ်ရေးဆိုင်ရာ တိုးမြှင့်နိုင်မယ့်အခွင့်အလမ်းတွေကို ရှာဖွေနေသလို အိန္ဒိယလုပ်ငန်းရှင်တွေဟာ ရင်းနှီးမြှပ်နှံဖို့ မြန်မာ လုပ်ငန်းရှင် တွေနဲ့လည်း သီးသန့်ဆွေးနွေးပွဲတွေ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

နိုဝင်လာလ ရ ရက်နေ့က အိန္ဒိယစက်မှုလုပ်ငန်းရှင်များအသင်း (CII) က လုပ်ငန်းရှင် အယောက် ၁၀၀ လောက်နဲ့ ရန်ကုန်မှာ ရှိတဲ့ မြန်မာအိန္ဒိယ လုပ်ငန်းရှင် များ အသင်း အဖွဲ့ဝင်တွေ တွေ့ဆုံခဲ့ပါတယ်။

သူတို့အနေနဲ့ အကြီးစား စက်မှုလုပ်ငန်းကြီးတွေမှာ ရင်းနှီးမြှပ်နှံလုပ်ကိုင်လိုကြတယ်လို့ မြန်မာ အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမောင်ရွှေ က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ကြားမှာ ကုန်သွယ်ရေးအားဖြင့်တော့ ၇ နှစ်အတွင်း နှစ်ဆကျော်လောက် တက်လာပါတယ်။ ၂၀၁၀ ခုနှစ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ ဒေါ်လာ သန်း ၁၃၀၀ လောက်ရှိပြီး မြန်မာ ဘက်က တင်ပို့မှုက ဒေါ်လာ သန်းတစ်ထောင် လောက်ရှိပါတယ်။

မြန်မာဘက်က အများစု တင်ပို့တဲ့ ကုန်စည်ကတော့ ပဲ နဲ့ သစ်တွေ ဖြစ်ပြီး အိန္ဒိယဘက်ကတော့ အများစုက ဆေးဝါး၊ သံနဲ့ လျှပ်စစ်ပစ္စည်းတွေ ပြန်တင်ပို့ပါတယ်။

ဒါပေမယ့် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း လုပ်ဆောင်ဖို့ နဲ့ အိန္ဒိယ ပုဂ္ဂလိက ပိုင်းဘက်ကနေ ရင်းနှီးမြှပ်နှံမှုတွေ တိုးတက်နိုင်ဖို့မှာတော့ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးလဲလှယ်ရေးဆိုင်ရာတွေလိုမျိုး အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီအခြေအနေတွေဟာ အမေရိကန်ဘက်က ပိတ်ဆို့မှုတွေရပ်သွားရင်၊ နောက်ပြီး နှစ်နိုင်ငံဘဏ္ဍာရေးအဖွဲ့တွေ တိုက်ရိုက် လုပ်ဆောင်နိုင်ရင် အလားအလာက အများကြီး ပိုကောင်း လာနိုင်တယ်လို့လည်း မြန်မာ အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမောင်ရွှေ ပြောပါတယ်။

အိန္ဒိယမြန်မာ နှစ်နိုင်ငံ လုပ်ငန်းရှင်တွေဟာ နိုဝင်ဘာ ၁၂ ရက်နေ့မှာလည်း နောက်ထပ် ဆွေးနွေးကြဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။