စစ်ကြောရေး လက်မှာ ကွယ်လွန် ခဲ့သူ ဦးမောင်ကို အကြောင်း စာအုပ်ထုတ်

  • 10 နိုဝင်ဘာ 2011
U Maung Ko
Image caption ဦးမောင်ကို ဟာ ၈၈ လှုပ်ရှားမှုကြောင့် အဖမ်းခံရ ပြီး အစောဆုံး သေဆုံးရသူ တွေထဲက တဦးပါ

၁၉၉၀ ခုနှစ် တုန်းက စစ်အာဏာပိုင် တွေရဲ့ စစ်ကြောရေး စခန်းမှာ အဖမ်းခံ နေရတုန်း ကွယ်လွန် သွားခဲ့တဲ့ အန်အယ်ဒီပါတီ အလုပ်သမား ခေါင်းဆောင် ဦးမောင်ကို အကြောင်း အခုအခါ နော်ဝေ နိုင်ငံမှာ ရောက်ရှိ နေတဲ့ သူ့ရဲ့ သမီး ဖြစ်သူ မဆွေဆွေက "မုန်တိုင်းမှာ ကြွေတဲ့ ကြယ်တပွင့်" ဆိုတဲ့ စာအုပ်ကို ရေးသား ထုတ်ဝေ လိုက်ပါတယ်။

ဖခင် ဖြစ်သူ ဦးမောင်ကို ကို ကြယ်တပွင့် အနေနဲ့ ရည်ညွှန်းပြီး မြန်မာ့ နိုင်ငံရေးမှာ မုန်တိုင်းထန်ခဲ့တဲ့ ကာလက အဖြစ်အပျက် တွေကို ရေးသားထားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေး ကြောင့် အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုကို အလားတူခံစား ခဲ့ကြရသူ အမြောက်အများ အတွက် သူတို့ မိသားစု မှာ ကြုံတွေ့ ခဲ့ရတဲ့ အဖြစ်အပျက် တွေကို ဥပမာ တခုအနေနဲ့ တင်ပြ ထားတာ ဖြစ်တယ်လို့ မဆွေဆွေက ဆိုပါတယ်။

စစ်ထောက်လှမ်းရေး လက်ထဲမှာ ဖခင် သေဆုံးခဲ့တာကို တစုံတရာ တိုင်ကြား နိုင်ဖို့ ဝေးလို့ အာဏာပိုင် တွေရဲ့ ဖိအားပေးမှုကြောင့် သူတို့ မိသားစု ဘဝ ရပ်တည်ရေး အတွက် ကိုတောင် မနည်းရုန်းကန် ကြိုးစားခဲ့ရတယ်လို့ သူက ပြောပြပါတယ်။

ဦးမောင်ကို ဟာ အာဏာပိုင် တွေရဲ့ အပြင်းအထန် ညှဉ်းပမ်း နှိပ်စက် မှုကို ခံခဲ့ ရတယ်လို့ သူ့မိသားစု နဲ့ လုပ်ဖော်ကိုင်ဘက် တွေက ပြောပါတယ်။