တောင်ပိုင်းဒုက္ခသည် စခန်းကို မြောက်ပိုင်းဆူဒန် ဗုံးကြဲ

  • 11 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption တောင်ပိုင်းနဲ့ မြောက်ပိုင်းက သမ္မတ နှစ်ယောက်

မြောက်ပိုင်းက ဆူဒန် သမ္မတနိုင်ငံဟာ သူတို့ရဲ့ ဒုက္ခသည် စခန်းကို ဗုံးကြဲခဲ့တဲ့ အတွက် တောင်ပိုင်း ဆူဒန် နိုင်ငံက ပြစ်တင် ပြောကြား လိုက်ပါတယ်။

တောင်ပိုင်း ဆူဒန်နိုင်ငံရဲ့ Unity State ညီညွတ်ရေး ပြည်နယ်ထဲက Yida ဒုက္ခသည် စခန်းမှာ Antonov လေယာဉ်ဟာ ဝေဟင်ကနေ စခန်းတဝိုက်ကို လှည့်ပတ် ပျံသန်းခဲ့ ပြီးတဲ့နောက် ဗုံးငါးလုံး ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကယ်ဆယ်ရေး ဝန်ထမ်းတွေကတော့ အသေအပျောက် မရှိဘူး ပြောပေမယ့် လူ၁၂ယောက် သေဆုံးတယ်လို့ အစိုးရဖက်က သတင်း ထုတ်ပြန်တာကြောင့် အငြင်းပွားနေ ကြပါတယ်။

တောင် မြောက် ဆူဒန်နိုင်ငံတွေကြား နယ်စပ်မှာ တည်ရှိတဲ့ Southern Kordofan ပြည်နယ်က စစ်မက် ဖြစ်ပွားမှုတွေကြောင့် ပြေးလာတဲ့ ဒုက္ခသည်တွေကို ထားဖို့ ဒီစခန်း ဖွင့်ထားတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သူတို့လက်ချက် မဟုတ်ဘူးလို့ မြောက်ပိုင်း ဆူဒန်ရဲ့ စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ် Al-Sawarmi Khalid က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ တောင်ပိုင်းဆူဒန် လွတ်လပ်ရေး ရကတည်းက နှစ်နိုင်ငံကြား တင်းမာမှု တိုးလာပြီး နယ်စပ်တလျှောက် အကြမ်းဖက် တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။