SSA မြောက်ပိုင်း နဲ့ အစိုးရ ဆွေးနွေး

  • 11 နိုဝင်ဘာ 2011
ssa_battles ဓာတ်ပုံ မူပိုင် SSA
Image caption SSA မြောက်ပိုင်း

အက်စ်အက်စ်အေ မြောက်ပိုင်း ဘက်က ဗိုလ်မှူးစပ်နော်လိတ်ခ် နဲ့ အဖွဲ့ဝင် ၂ ဦးဟာ ကြားဝင် စေ့စပ်ပေးတဲ့ အရင် အက်စ်အက်စ်အေ မြောက်ပိုင်းတပ် အဟောင်း အခု ပြည်သူ့စစ် အဖွဲ့ ဒုတိယဥက္ကဌ ဦးစပ်ကိုင်ဖ တို့ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့က နေပြည်တော်မှာ ငြိမ်းချမ်းရေး အစပျိုး ဆွေးနွေးပွဲလုပ်ခဲ့ ပါတယ်၊၊

အစိုးရ ငြိမ်းချမ်းရေးတာဝန်ခံ ဦးသိန်းဇော် နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အတွင်းရေးမှူး ဦးအောင်သောင်းတို့ ဦးဆောင် တဲ့ အဖွဲ့ ဆွေးနွေးခဲ့ တာ ဖြစ်ပါတယ်၊

အက်စ်အက်စ်အေ မြောက်ပိုင်းက ၃ ချက်တင်ပြတဲ့အထဲမှာ ငြိမ်းချမ်းရေး အတွက် ဗဟိုကော်မတီဝင်တွေ အားလုံး စုံညီ ဆွေးနွေးနိုင်ဖို့ လက်ရှိ ဝမ်ဟိုင်း ဌာန ချုပ် နားမှာရှိနေတဲ့ အစိုးရ တပ်တွေ ပြန်နောက်ဆုတ်ပေးဖို့ အပစ်အခတ် ရပ်စဲလုပ်ဖို့ နဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ ယူအဲန်အက်ဖ်စီလို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသား များ ဖယ်ဒရယ်ကောင်စီ နဲ့ ဆွေးနွေးဖို့ ကို ပြောတယ်လို့ သိရပါတယ်။

အရင် ငြိမ်းချမ်းရေး လုပ်တုန်းက စာချုပ်စာတမ်းနဲ့ လက်မှတ် ရေးထိုးတာ မျိုးမရှိဘူး၊ အခုက စာချုပ်စာတမ်း နဲ့ လုပ်တဲ့အတွက် ထာဝရ ငြိမ်းချမ်းရေး ကို ဦးတည် လုပ်နေတယ်လို့လည်း အစိုးရ ဘက် ကပြော ပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ ထူးခြားတာ တခုက အပစ်အခတ် ရပ်စဲရေး အားလုံးနဲ့ လုပ်ပြီးရင် ပြည်သူ့စစ်တို့၊ နယ်ခြားစောင့်တို့ အပါအဝင် လက်နက်ကိုင် အဖွဲ့ အားလုံး နဲ့ စုပြီး နိုင်ငံရေး အဖြေရှာတဲ့ ဆွေးနွေးပွဲ တရပ် စုပေါင်း ဆောင်ရွက်နိုင်ဖို့ အစိုးရ ဘက်က စီစဉ်နေတယ်လို့ ပြောလိုက်တဲ့ အကြောင်းလည်း အဲဒီ ဆွေးနွေးပွဲ တက်ခဲ့တဲ့သူ တစ်ဦးက ဘီဘီစီ ကို ပြောပြပါတယ်၊