တစ်ခြောက်လုံး မင်္ဂလာနေ့

  • 11 နိုဝင်ဘာ 2011
စုပေါင်း လက်ထပ်ပွဲမြင်ကွင်း
Image caption စုပေါင်း လက်ထပ်ပွဲမြင်ကွင်း

၁၁ရက် ၁၁လ ၁၁ခုနှစ် ဟာ တစ်ဂဏန်းတွေချည်း ဖြစ်နေတာမို့ ထူးထူးခြားခြား မင်္ဂလာ ရှိတဲ့ နေ့ ရက်ကောင်းရက်မြတ်နေ့ ဆိုပြီး ကမ္ဘာတဝန်းက မင်္ဂလာမောင်နှံတွေက ဒီကနေ့မှာ ရွေးပြီး လက်ထပ်မင်္ဂလာပွဲတွေ ဆင်နွဲခဲ့ကြပါတယ်။ဒီအယူကို အာရှနိုင်ငံတွေမှာ ပိုဆောင်ရွက်ကြပါတယ်။

တရုတ်နိုင်ငံမှာဆို ဒီကနေ့ နိုဝင်ဘာလ ၁၁ရက် နေ့မှာ စုံတွဲတွေ ထောင်နဲ့ချီ မင်္ဂလာဆောင်ခဲ့ကြပါတယ်။တရုတ်နိုင်ငံမှာက ၁၁ရက် ၁၁လကို Super Singles Day လူပျိုအပျိုတွေ စွံတဲ့နေ့လို့ ၁၉၉၀ ခုနှစ်ကတည်းက စ သတ်မှတ်ပြီး စုံတွဲတွေ မင်္ဂလာဆောင်ခဲ့ကြတာပါ။

တစ် ဆိုတာ တုတ်ချောင်း တချောင်းလို့ အဓိပ္ပါယ် ရတာမို့ တကိုယ်တည်း လူပျို အပျိုကြီး တွေကို ရည်ညွှန်းတာလို့လည်း ဆိုပါတယ်။

အခု ဒီနှစ်ကတော့ ၁၁ရက် ၁၁လ ၁၁ခုနှစ် ဆိုတော့ တစ်ဂဏန်း ချည်း ၆လုံး ဆက်တိုက် ဖြစ်နေတဲ့ အပြင် နှစ်ပေါင်း ၁၀၀မှာမှ တကြိမ်ကျတာမို့ ခါတိုင်းထက်ကို ပိုထူးနေတယ် လို့ ဆိုရမှာပါ။

ရှန်ဟိုင်းမြို့တမြို့ထဲမှာတင် မင်္ဂလာဆောင်ဖို့ ဘွတ်ကင် လုပ်ထားတဲ့ စုံတွဲပေါင်း သုံးထောင့် သုံးရာလောက် ရှိနေပါတယ်။

စုံတွဲတွေ မင်္ဂလာဆောင်တဲ့ Super Singles Day ကို စသတ်မှတ် ကျင်းပခဲ့တဲ နန်ဂျင်းမြို့မှာဆိုရင် စုံတွဲ ၃ထောင်လောက် မင်္ဂလာဆောင်ကြမှာပါ။

တခါ ကိန်းဂဏန်းတွေ ယတြာတွေ အစွဲကြီးလေ့ ရှိတဲ့ မြန်မာပြည်မှာ ဆိုရင်လည်း ဒီကနေ့ကို နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ပြီး ရွှေလက်တွဲခဲ့ကြတဲ့ မင်္ဂလာစုံတွဲတွေ အတော်များခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံမှာ လက်ထပ်သူပေါင်း တသောင်းကျော်ပြီး မလေးရှားနဲ့စင်္ကာပူမှာလည်း လက်ထပ်သူအထူးများပြားပါတယ်။