ဆီရီးယားကို အာရပ်အဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်း

  • 12 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယားကို စီးပွားရေးပတ်ဆို့မှုတွေ လုပ်မယ်လို့လည်း အာရပ်အဖွဲ့ချုပ် ကြေညာ

အာရပ်နိုင်ငံများအဖွဲ့ချုပ်က ဆီးရီးယား နိုင်ငံကို အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်း ထားလိုက်ပြီ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို အကြမ်းဖက် ဖြိုခွဲ နေတာတွေ အဆုံးသတ်စေရေးအတွက် အာရပ် နိုင်ငံများအဖွဲ့ချုပ်က တင်ပြထားတဲ့ အစီအစဉ် တွေကို ဆီးရီးယားအစိုးရ လုပ်ဆောင်ဖို့ ပျက်ကွက်တဲ့အတွက် အာရပ်နိုင်ငံများအဖွဲ့ချုပ် ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဆီးရီးယား အစိုးရ အပေါ် ဘယ်လို တုံ့ပြန် ကိုင်တွယ်မလဲဆိုတာနဲ့ ပတ်သက်ပြီး ကိုင်ရိုမြို့မှာ အရေးပေါ် အစည်းအဝေးကျင်းပပြီး အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားအနေနဲ့ ပြီးခဲ့တဲ့အပတ်က သဘောတူ ခဲ့တဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ် ကို အကောင်အထည် မဖေါ်မခြင်း အဖွဲ့ချုပ်ရဲ့ လုပ်ငန်းတွေမှာ ဝင်ရောက် ဆောင်ရွက်နိုင် တော့မှာ မဟုတ်ပါ။

ဆီးရီးယားအစိုးရ အပေါ် စီးပွားရေး ဒဏ်ခတ်မှုတွေ လုပ်မယ်လို့လည်း အာရပ်အဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။ နောက်ပြီး အာရပ်အဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံတွေရဲ့ သံအမတ်တွေကို ဒမားစကက်စ် ကနေ ပြန်ခေါ်ဖို့ ပန်ကြားလိုက်ပါတယ်။

အာရပ်နိုင်ငံတခုအဖြစ် ဂုဏ်ယူဝင့်ကြွားခဲ့တဲ့ ဆီးရီးယား နိုင်ငံအနေနဲ့ အခုကိစ္စမှာ အတော် အထိနာသွားစေခဲ့ပါတယ်။

ဆီရီးယားအစိုးရက ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် နှိမ်နင်းနေမှုတွေ ရပ်တန့်ပေးမယ်၊ တင့်ကားတွေ ပြန်ဆုတ်ပေးမယ်၊ နောက်ပြီး အတိုက်အခံတွေနဲ့ တွေ့ဆုံစကား ပြောမှုတွေ စလုပ်မယ်ဆိုတဲ့ သဘောတူချက်တခုကို လက်ခံခဲ့ပေမယ့်၊ အဲဒီအချိန်ကစလို့ အကြမ်းဖက် နှိမ်းနင်းမှုတွေ ပိုဆိုးလာခဲ့တာ ဖြစ်ပါတယ်။

ဆီရီးယားအပေါ် အရေးယူဆောင်ရွက်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြမှုတွေလည်း၊ ကိုင်ရိုမြို့က အာရပ်နိုင်ငံများအဖွဲ့ချုပ်ရဲ့ ဌာနချုပ်ရုံးရှေ့မှာ အကြီးအကျယ်ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ အာရပ်နိုင်ငံများအဖွဲ့ချုပ် အဖွဲ့ဝင် နိုင်ငံတွေအပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ တိုးပွား လာနေမှုရဲ့ တစိတ် တဒေသလည်း ဖြစ်ပါတယ်။