အာဖဂန်အစိုးရ လုံခြုံရေး အစီအစဉ် တာလီဘန်ရ

  • 14 နိုဝင်ဘာ 2011
kabul
Image caption ကာဘူးလ် မြို့တွင်း တနေရာ

အာဖဂန် နစ္စတန် နိုင်ငံက ကာဘူးလ် မြို့တော် မှာ ဒီ သီတင်းပတ် အတွင်း ပြုလုပ်ဖို့ ရှိတဲ့ ခေါင်းဆောင် တွေ ရဲ့ ညီလာခံ အတွက် အစိုးရ ရဲ့ လုံခြုံရေး အစီအစဉ် တွေကို သူတို့ ရရှိခဲ့ တယ်လို့ တာလီဘန် တွေက ပြောပါတယ်။

ဒီ စာမျက်နှာ ၂၇ မျက်နှာ ရှိတဲ့ အစီအစဉ် တွေထဲမှာ သမ္မတ ဟာမစ် ခါဇိုင်း အပါအဝင် အာဖဂန် ဝန်ကြီး တွေ နဲ့ အရေးကြီး တဲ့ လူကြီးပိုင်း တွေ အတွက် လုံခြုံရေး အစီအစဉ် တွေ အသေးစိတ် ပါဝင်တယ်လို့ ဆိုပါတယ်။

ကာဘူးလ် မြို့တော်က ရဲတပ်ဖွဲ့ အကြီးအကဲ ဖြစ်တဲ့ ဗိုလ်ချုပ် အာယုဘ်ကတော့ ဒီ အစီအစဉ် တွေ ပါတဲ့ စာရွက်တွေဟာ အစစ်အမှန် တွေ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ ဒါဟာ ဒီညီလာခံ ကို ပျက်ပြားအောင် ကြိုးစားတဲ့ လုပ်ဆောင်ချက် တခုသာ ဖြစ်တယ်လို့ လဲဆို ပါတယ်။

ကာဘူးလ် မြို့က ဘီဘီစီ သတင်းထောက်ကတော့ တကယ်လို့သာ တာလီဘန် တွေရထား တဲ့ လုံခြုံရေး အစီအစဉ် တွေဟာ အစစ် တွေ ဆိုရင်တော့ အာဖဂန် အစိုးရ အတွက် မဟာ အရှက်ကွဲ ခြင်းပဲ လို့ ဆိုပါတယ်။