အာဆတ်ရာထူးကဆင်းဖို့ ဂျော်ဒန်ဘုရင်တောင်းဆို

  • 15 နိုဝင်ဘာ 2011
abdullah ဓာတ်ပုံ မူပိုင် AFP
Image caption ဂျော်ဒန် ဘုရင် အဒ္ဗူလာက ဆီးရီးယား သမ္မတကို ရာထူးက ဆင်းဖို့ တိုက်တွန်း

အာရပ် နိုင်ငံ ခေါင်းဆောင်တွေ ထဲမှာ ဂျော်ဒန် ဘုရင် အဒ္ဗူလာဟာ ဆီးရီးယား သမ္မတကို ရာထူးက ဆင်းပေးဖို့ တောင်း ဆိုတဲ့ ပထမဆုံး ခေါင်းဆောင် ဖြစ်လာ ပါတယ်။

သမ္မတ အာဆတ် အနေနဲ့ စည်းကမ်းတကျ အာဏာ လွှဲပေးဖို့ ကိစ္စ စကားပြောဖို့ ဂျော်ဒန် ဘုရင်က တိုက်တွန်း လိုက်ပါတယ်။

အာရပ် နိုင်ငံ အတော်များများက ဆီးရီးယားက အကြမ်းဖက် ဖိနှိပ်မှုတွေကို ပြစ်တင် ရှုံချခဲ့ပြီး အာရပ် အဖွဲ့ချုပ်ကလည်း အာရပ် နိုင်ငံတွေရဲ့ သံတမန်တွေကို ဆီးရီးယားကနေ ပြန်ခေါ်ဖို့ တိုက်တွန်းခဲ့ပြီးနောက် ဆော်ဒီနဲ့ ကာတာ သံ အမတ်တွေ သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်သွား ကြပါတယ်။

ဒါပေမယ့် ဂျော်ဒန် ဘုရင်ကတော့ သမ္မတ အာဆတ်ကို ရာထူးက ဆင်းပေးဖို့ထိ ပြောလာ ပါတယ်။

ဂျော်ဒန်ဟာ ဆီးရီးယားရဲ့ အိမ်နီးချင်း ဖြစ်ပြီး ဆီးရီးယား အစိုးရရဲ့ ဆန္ဒပြမှုတွေကိုကိုင် တွယ်ပုံကို ပိုပို ဝေဖန်လာပါတယ်။

အီးယူနဲ့ အမေရိကန် နှစ်နိုင်ငံ စလုံးက အာဆတ်ရဲ့ အာဏာဟာ တရား မဝင်တော့ဘူးလို့ ပြောပေမယ့် စစ်ရေးအရ ဝင်စွက်ဖို့ မရှိဘူးလို့ ဆိုပါတယ်။

ဆီးရီးယားကို နိုင်ငံတကာ ဖိအားပေးမှုတွေ ပိုများလာပြီး မနေ့က အီးယူက ဆီးရီးယား အဆင့်မြင့် အရာရှိ ဆယ့်ရှစ်ယောက်ကို ခရီးသွားခွင့် ပိတ်ထားတဲ့ စာရင်းထဲ ထည့်လိုက် သလို ဥရောပ ရင်းနှီး မြှတ်နှံမှု ဘဏ်ကနေ ဆီးရီးယားက ပိုက်ဆံ ရွှေ့ပြောင်းတာတွေ မလုပ်နိုင်အောင် တားဖို့လည်း ခွင့်ပြုမိန့် ပေးလိုက်ပါတယ်။

ကုလသမဂ္ဂကလည်း ဆီးရီးယားကို ဒဏ်ခပ် ပိတ်ဆို့မှု လုပ်လာဖို့ မျှော်လင့်တယ်လို့ ပြင်သစ် ဝန်ကြီး တယောက်က ပြောပါတယ်။

ဒါပေမယ့် ရုရှနဲ့ တရုတ်က ဆီးရီးယားကို ပိတ်ဆို့ဖို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့လက ကြိုးပမ်း မှုကို ဗီတိုသုံး ပယ်ချ ခဲ့ပါတယ်။

ရှရှက ဆိုရင် အာရပ် အဖွဲ့ချုပ်က ဆီးရီးယားကို အဖွဲ့ဝင် အဖြစ်က ဆိုင်းငံ့ဖို့ ဆုံးဖြတ်တာကို ဒေါသတကြီး ပြစ်တင် ပြောဆိုခဲ့ပါတယ်။

ဒီအတော အတွင်းမှာ ဆီးရီးယား အာဏာပိုင်တွေက အစိုးရကို ဆန့်ကျင် ဆန္ဒပြသူတွေကို ဆက်လက် ဖိနှိပ်နေပြီး မနေ့က တရက်ထဲမှာ လူလေးငါးဆယ် ဝန်းကျင် သေဆုံးခဲ့ပြီး အဲဒိ ထဲမှာ လုံခြုံရေး တာဝန်ရှိသူ တဝက်လောက် ပါတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေပါ တယ်။

ဒီအရေအတွက်ကို အတည် မပြုနိုင်ပေမယ့် ကုလသမဂ္ဂရဲ့ ခန့်မှန်းချက် အရတော့ မတ်လ ဆန္ဒပြမှုတွေ စချိန်က စပြီး ကနေ့ထိ သေဆုံးသူ သုံးထောင့် ငါးရာ ရှိသွားပြီလို့ သိရပါတယ်။