ယူရိုဇုံ ပြဿနာ ဂရိနဲ့ အီတလီအပြင် စပိန်ကို ကူးစက်ပြီ

  • 15 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ဂရိ ဝန်ကြီးချုပ်သစ် Lucas Papademos

ဂရိနိုင်ငံ အတွက် တခုတည်းသော နည်းလမ်းဟာ ယူရိုဇုံ ထဲမှာနေပြီး EU ရဲ့ ယုံကြည်မှုရလာအောင် လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ ဝန်ကြီးချုပ်သစ် Lucas Papademos က ပြောပါတယ်။

လက်ရှိ စီးပွားရေး ပြဿနာကြောင့် ဂရိခ် ပြည်သူတွေ အနစ်နာခံ ရတာတွေ အချည်းနှီး မဖြစ်စေရ ပါဘူးလို့ သူ့အစိုးရ လုပ်ဆောင်မယ့် အစီအစဉ်တွေကို ပါလီမန်မှာ ချပြရာမှာ သူက ပြောသွားခဲ့ပါတယ်။

ဂရိစ် အနေနဲ့ အခြေခံကျတဲ့ အခွန်ကောက်ခံ ခြင်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ အလျင်အမြန် ချမှတ်ဆောင်ရွက်ဖို့နဲ့ အခွန်ရှောင်မှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ လိုနေပြီလို့ သူက ဆိုပါတယ်။

အရင် အစိုးရရဲ့ ပေါ်လစီတွေက ဂရိ ကြွေးမြီ ပြဿနာကို ပိုမို ဆိုးရွားစေတယ်လို့ သူက ပြစ်တင် ပြောဆိုလိုက်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ အမျိုးသား ညီညွတ်မှု အစိုးရ အနေနဲ့ အနာဂတ် အတွက် လုပ်ရမယ့် တာဝန်တွေက သိတ်ကြီးမားလွန်းပြီး ပထမ ဦးစားပေး အနေနဲ့ သဘောတူညီမှု ရပြီးသား ဖြစ်တဲ့ ဥရောပ သမဂ္ဂရဲ့ အရစ်ကျ ချေးငွေတွေ ပြန်ရအောင် လုပ်ဆောင်ဖို့နဲ့ ဒါပြီးရင် နောက်ထပ် ဘဏ္ဍာရေး အကူအညီ ထပ်ရဖို့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် bbc
Image caption အီတလီ ဝန်ကြီးချုပ်သစ် Mario Monti

တချိန်တည်းမှာ အီတလီမှာတော့ ဝန်ကြီးချုပ်သစ်က အစိုးရသစ် ဖွဲ့ဖို့ ကြိုးစားနေချိန်မှာ အစိုးရရဲ့ အကြွေးတွေ အတွက် ပေးရတဲ့ အတိုးနှုန်းဟာ ခြောက်ရာခိုင်နှုန်း အထက်မှာ ဆက်ရှိ နေပါတယ်။

အရင် ဥရောပ ကော်မရှင်နာ မင်းကြီး ဘောဂဗေဒနဲ့ ဘွဲ့ရတဲ့ ဝန်ကြီးချုပ်သစ် မာရီယို မွန်တီက သူ့ အစိုးရဟာ ၂၀၁၃ ရွေးကောက်ပွဲ ကျင်းပချိန်ထိ မြဲနေလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဒါပေမယ့် အီတလီရဲ့ စီးပွားရေး ပြဿနာတွေကို အစိုးရသစ်ရဲ့ ကိုင်တွယ်နိုင်စွမ်းကို ရင်းနှီး မြှတ်နှံသူတွေက သံသယ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာ ဥရောပ အကြွေး အကျပ်အတည်း ပိုဆိုးလာမယ့် အရိပ်အယောင်တွေ တခြား တနေရာက ပြန်တွေ့ လာရပြီး စပိန် အစိုးရရဲ့ အကြွေးတွေ အတွက် ပေးရတဲ့ အတိုးနှုန်းဟာ တရိပ်ရိပ် တက်လာနေပါတယ်။