အာဆီယံ ဥက္ကဌ နေရာ မြန်မာ အား ပေးအပ်

  • 17 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတ ဦးသိန်းစိန် အာဆီယံ ထိပ်သီး ညီလာခံ တက်ရောက် စဉ်

၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဌ ရာထူး နေရာအတွက် မြန်မာနိုင်ငံ ကို ခွင့်ပြု လိုက်ပြီ လို့ အရှေ့တောင် အာရှ နိုင်ငံ တွေ က သဘောတူ လိုက်ပါတယ်။

မြန်မာနိုင်ငံ ဟာ ဒီမိုကရေစီ ကို ရှေးရှုတဲ့ လုပ်ငန်း တွေမှာ ထင်ရှားတဲ့ တိုးတက်မှု တွေ ကို တွေ့ရကြောင်းနဲ့ ဒီ ဖြစ်ပေါ်ပြောင်းလဲမှု ဟာ နောက်ပြန်ဆုတ် လာ ဘွယ်ရာ မရှိတဲ့ အကြောင်း အာဆီယံနိုင်ငံ ခေါင်းဆောင် တွေက မြင်ကြကြောင်း အခု လက်ရှိ အာဆီယံ ဥက္ကဌ တာဝန်ယူ ထားတဲ့ အင်ဒိုနီးရှားနိုင်ငံ က ပြောပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး က မြန်မာနိုင်ငံ ကို အခုလို အာဆီယံ ဥက္ကဌ တာဝန် ပေးခြင်းအားဖြင့် နိုင်ငံတကာ ရဲ့ အာရုံစိုက်ကြည့်မှု ကို ပိုရလာပြီး အဲဒီအတွက် မြန်မာနိုင်ငံ အနေနဲ့ အခုလုပ်ဆောင်နေတဲ့ ပြောင်းလဲတိုးတက်မှုတွေ ကို ဆက်လက် လုပ်ဆောင်သွား လိမ့်မယ် လို့ မျှော်လင့် နိုင်ကြောင်း ပြောပါတယ်။

အရင် စစ်ဗိုလ်ချုပ် တွေ က နေ အရပ်သား အစိုးရ ဖြစ်လာတဲ့ မြန်မာ အစိုးရ ဟာ နိုင်ငံရေး အကျဉ်းသား တချို့ လွှတ်ပေးတာ၊ သတင်းစာ လွတ်လပ်ခွင့် အနည်းငယ် ပေးလာတာ စတဲ့ အာဏာကို တင်းကြပ်စွာ ချုပ်ကိုင် ထားရာကနေ ဖြေလျော့မှု အချို့ လုပ်လာတာ ကို တွေ့လာ ခဲ့ရ ပါတယ်။

အခု အာဆီယံ ရဲ့ အသိအမှတ်ပြုမှု ဟာ မြန်မာ အစိုးရ အဖို့ ကြီးမားတဲ့ အသိအမှတ်ပြုမှု တခု ရရှိခဲ့တာ လို့ လည်း သုံးသပ် မှုတွေ လည်း ရှိနေ သလို အခုလို အာဆီယံ နိုင်ငံ တွေ မြန်မာနိုင်ငံ ကို အသိအမှတ်ပြု နေချိန်မှာ မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု တွေ အများအပြား ရှိနေဆဲ ပဲ လို့ ထောက်ပြ နေကြပါတယ်။