ဂရိနိုင်ငံမှာ ဝန်ကြီးချုပ်သစ် ပါလီမန်မှာ ယုံကြည်မှု ရ

  • 17 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဂရိ ဝန်ကြီးချုပ်သစ် Lucas Papademos

ဂရိနိုင်ငံမှာ ဝန်ကြီးချုပ်သစ် Lucas Papademos နဲ့ သုံးပါတီပါဝင်တဲ့ သူ့ရဲ့ ညွှန့်ပေါင်း အစိုးရဟာ ပါလီမန်မှာ ထောက်ခံမဲ အများစုနဲ့ ယုံကြည်မှု ရခဲ့ပါတယ်။

စီးပွားရေး ပြန်နလံထူရေး အကူအညီသစ် တွေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မယ် ဆိုတဲ့ ဂတိတွေ အပေါ် အခု အစိုးရ အသစ်က အတည်ပြု ပေးရမှာ ဖြစ်ပြီး ဒါမှသာ နောက်ထပ် နိုင်ငံတကာ ချေးငွေတွေ ရယူနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ညွှန့်ပေါင်း အစိုးရထဲက ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် Antonis Samaras ကတော့ အကန့်အသတ်နဲ့သာ ထောက်ခံမှု ပေးခဲ့ပြီး ဘဏ္ဍာရေး ကယ်ဆယ် ကူညီမှု အစီအစဉ်ကို တရားဝင် ရေးသား ထောက်ခံ ဂတိပေးဖို့ ငြင်းဆိုကာ လာမယ့် ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲ စောစောခေါ်ပေးဖို့ ပန်ကြား လိုက်ပါတယ်။