ကူဝိတ်မှာ ပါလီမန်ထဲ ဝင်ရောက် ဆန္ဒပြ

  • 17 နိုဝင်ဘာ 2011
Image caption ကူဝိတ်နိုင်ငံမှာ ပါလီမန်ထဲဝင် ဆန္ဒပြကြ

ကူဝိတ် နိုင်ငံမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေဟာ ပါလီမန်ထဲမှာ ခဏတာ ဝင်ရောက် ဆန္ဒပြခဲ့ကြပါတယ်။

သူတို့ဟာ ဝန်ကြီးချုပ် Sheikh Nasser Mohammad al-Ahmad Al Sabah ရာထူးက နှုတ်ထွက်ဖို့ ဝန်ကြီးချုပ်ရဲ့ အိမ်ကို ချီတက် ဆန္ဒပြခဲ့ရာမှာ ရဲတွေက တားမြစ်ခဲ့တဲ့ အတွက် ပါလီမန် ဖက်ဆီကို သွားရောက် ခဲ့ကြတာ ဖြစ်ပါတယ်။

မျက်မြင်သက်သေ တယောက်ရဲ့ အဆိုအရ ပါလီမန် အစောင့်တွေက ဆန္ဒပြ ချီတက်လာသူ တွေ ဝင်လာတဲ့အခါ တားဆီးခြင်း မရှိခဲ့ဘူးလို့ ဘီဘီစီကို ပြောပြခဲ့ပါတယ်။

ပါလီမန် ပင်မ အဆောက်အအုံထဲမှာ ဆန္ဒပြသမားတွေက နိုင်ငံတော် သီချင်းကို သီဆို ဟစ်ကြွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် လာဘ်စားမှုနဲ့ စွပ်စွဲခံနေရတဲ့ လက်ရှိ ပါလီမန်ကို ဖျက်သိမ်းပေးပြီး စည်းမျဉ်းခံ ဘုရင်စံနစ် ကျင့်သုံးဖို့ သူတို့က တောင်းဆိုခဲ့ကြပါတယ်။