အီတလီ ဝန်ကြီးချုပ်သစ် ကျမ်းကျိန်

  • 17 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption အီတလီ ဝန်ကြီးချုပ်သစ် Mario Monti

အီတလီမှာ ဝန်ကြီးချုပ်သစ် မာရီရို မွန်တီက အစိုးရသစ် အဖွဲ့ အကြီးအကဲ အဖြစ် ကျမ်းသစ္စာ ကျိန်ဆို ခဲ့ပြီး သူ့ရဲ့ အစိုးရသစ် အဖွဲ့အတွင်းမှာ တက်သိ ပညာရှင်တွေ အတော်များများ ပါဝင် ပါတယ်။

ဘဏ္ဍာရေး ဝန်ကြီး တာဝန်ကိုလည်း သူဘဲ တာဝန်ယူမှာ ဖြစ်ပြီး သူ့ရဲ့ အဓိက ရည်ရွယ်ချက်က အီတလီ စီးပွားရေး တိုးတက်လာဖို့ ဖြစ်တယ်လို့ မစ္စတာ မွန်တီက ပြောပါတယ်။

ပါတီ နိုင်ငံရေး သမားတွေ အစိုးရ အဖွဲ့ထဲမှာ မပါတဲ့ အတွက် အခက်အခဲ ရင်ဆိုင် ရမယ့်အစား လုပ်ရကိုင်ရတာ လွယ်ကူ အဆင်ပြေ လိမ့်မယ်လို့ သူက ထပ်လောင်း ပြောသွားခဲ့ပါတယ်။

ဒီနေ့ ကြာသပတေးနေ့မှာ ဆီးနိတ်လွှတ်တော်မှာ သူ့ရဲ့ ခြိုးခြံ ချွေတာရေး အစီအစဉ်ကို မစ္စတာ မွန်တီက တင်ပြမှာ ဖြစ်ပါတယ်။

တိုင်းပြည်မှာ ကြွေးမြီ ဝန်ထုပ်ဝန်ပိုး ကြီးထွားလာတဲ့ အပေါ် ကိုင်တွယ်မှု ညံ့ဖျင်းတဲ့ အတွက် အရင် ဝန်ကြီးချုပ် Silvio Berlusconi ရာထူးက နှုတ်ထွက်ဖို့ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။