အာရပ် အဖွဲ့ချုပ် ဆီးရီးယားကို သတ်ဖြတ်မှု ရပ်ဖို့ ရာဇသံပေးပြီ

  • 17 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား စစ်တပ် ဆက်လက် သတ်ဖြတ်နေဆဲ

ဆီးရီးယား အစိုးရက လူထုကို အကြမ်းဖက် နှိမ်နင်း သတ်ဖြတ်နေမှုတွေ သုံးရက်အတွင်း ရပ်ဖို့ မော်ရိုကိုမှာ ကျင်းပနေတဲ့ အာရပ် အဖွဲ့ချုပ် အစည်းအဝေးက ပန်ကြားလိုက်ပြီး သူတို့ရဲ့ လေ့လာ သုံးသပ်သူတွေကို နိုင်ငံအတွင်း ဝင်ခွင့်ပေးကာ အခြေအနေကို စစ်ဆေးခွင့် ပေးဖို့ တောင်းဆို လိုက်ပါတယ်။

ဒီတောင်းဆိုမှုတွေ မလိုက်လျောရင် ဆီးရီးယားကို အာရပ် အဖွဲ့ချုပ်က စီးပွားရေး အရ ပိတ်ဆို့ အရေးယူမှုတွေ လုပ်မယ်လို့ ဆိုပါတယ်။

ဆီးရီးယား ကို အာရပ် အဖွဲ့ချုပ် အဖွဲ့ဝင် အဖြစ်က ရပ်ဆိုင်းခဲ့ ပြီးတဲ့နောက် ဆီးရီးယား အစိုးရကို ထောက်ခံသူတွေက ဒမားစကတ်မြို့မှာ ရှိတဲ့ အာရပ်အဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံ တချို့ရဲ့ သံရုံးတွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အခုလို တောင်းဆိုချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အတိုက်အခံတွေရဲ့ လက်နက်ကိုင် တိုက်ခိုက်မှု က အရှိန်မြင့် လာတာ အပါအဝင် ဒမားစကစ်မြို့မှာ အကြမ်းဖက်မှုတွေ တိုးလာတာကြောင့် ပြင်သစ်က သူတို့ သံအမတ်ကို ပြန်ခေါ်ခဲ့ပါတယ်။

ဟာမာ ပြည်နယ်မှာ စစ်တပ်က ဘက်ပြောင်း လာသူတွေက လုံခြုံရေး တပ်ဖွဲ့ဝင် ရှစ်ယောက်ကို သတ်ပစ်လိုက်ပြီး ဒမားစကစ်မြို့နားက စစ်တပ် စစ်ကြောရေး စခန်းကို ညလုံးပေါက်နီးပါး ထိုးစစ်ဆင်ခဲ့တယ်လို့ အစိုးရ ဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။