IAEA ဆုံးဖြတ်ချက် အီရန် တုန့်ပြန်

  • 19 နိုဝင်ဘာ 2011
Image caption အိုင်အေအီးအေ ဆုံးဖြတ်ချက်ကို ပယ်ချတဲ့ အီရန် သံအမတ်ကြီး Ali Asghar Soltanieh

အီရန်ရဲ့ နျူကလီးယား အစီအစဉ်ဟာ အကြီးအကျယ် စိုးရိမ်ပူပန်ဖွယ် ဖြစ်ကြောင်း ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့် လေ့လာရေး အဖွဲ့ အိုင်အေအီးအေ က အတည်ပြုခဲ့ပေမယ့် အီရန် အပေါ် တိတိကျကျ အရေးယူမယ် ဆိုတာ အဲဒီထဲမှာ မပါသလောက်ဘဲ ဖြစ်ပါတယ်။

IAEA ရဲ့ ဆုံးဖြတ်ချက်က ဘက်လိုက်ပြီး နိုင်ငံရေး လွှမ်းမိုးမှုတွေ ပါဝင်နေတယ်လို့ ဆိုကာ အီရန် သံအမတ်ကြီး Ali Asghar Soltanieh က ပယ်ချ လိုက်ပါတယ်။

နျူကလီးယား ဖောက်ခွဲရေး ပစ္စည်းတွေ ထုတ်လုပ်ခဲ့တယ် ဆိုတဲ့ ယုံကြည်ရလောက်တဲ့ အထောက်အထားတွေ တွေ့ရတယ်ဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အီရန်ကို အိုင်အေအီးအေက သတိပေးခဲ့ပြီးတဲ့နောက် အခု ထုတ်ပြန်ချက် ထွက်ပေါ် လာတာပါ။

IAEA ရဲ့ ထုတ်ပြန်ချက်က အီရန်နဲ့ တခြား အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ဂျာမနီ ၊ ရုရှား တရုတ် ခြောက်နိုင်ငံ ဆွေးနွေးပွဲ ကျရင် အပေးအယူ လုပ်ဖို့ အကြိုခြေလှမ်းတရပ် ဖြစ်တယ်လို့ ဘီဘီစီ သံတမန် ရေးရာ သတင်းထောက်က ပြောပါတယ်။

အနောက်နိုင်ငံ လေးနိုင်ငံကတော့ အီရန်ကို စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ လုပ်ချင် ပေမယ့် ရုရှားနဲ့ တရုတ်တို့က ဆန့်ကျင်နေတာ ဖြစ်ပါတယ်။